သြစတြေးလျနိုင်ငံရဲ့ Great Barrier သန္တာကျောက်တန်းကြီးကို ကယ်တင်ဖို့ ကမ္ဘာ့အပူချိန်ကို လျှော့ချမှုမှတပါး နည်းလမ်းမရှိဘူးလို့ သန္တာကျောက်တန်းစောင့်ကြည့်ရေး သုသေသန စာတမ်းသစ်တခုက ထပ်မံသတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ဟာ Great Barrier သန္တာကျောက်တန်းကြီး ပျက်စီးမှု၊ ပင်လယ်ရေမှော်တွေ ထိခိုက်သေဆုံးမှု အဆိုးဝါးဆုံးနှစ်လို့ ပညာရှင်တွေက ထုတ်ပြန်ခဲ့ကြတာပါ။
အခုလို ထိခိုက်ပျက်စီးနေမှုကို တခြားဘယ်နည်းလမ်းနဲ့မှ မလုံလောက်ဘူး၊ ကမ္ဘာကြီး အဆမတန် ပူနွေးလာမှုဟာ သန္တာကျောက်တန်းကြီး ထိခိုက်ပျက်စီးရတဲ့ အဓိကအကြောင်းရင်းလို့ Queensland ပြည်နယ်၊ James Cook တက္ကသိုလ်က ပါမောက္ခ Morgan Pratchett ကပြောဆိုတာပါ။
ဒီတွေ့ရှိမှုသစ်တွေကို the Nature သဘာဝပတ်ဝန်းကျင်ဂျာနယ်မှာ ဖော်ပြခဲ့ပြီး သြစတြေးလျအစိုးရအပါအဝင် ကမ္ဘာ့နိုင်ငံအစိုးရတွေ ဝိုင်းဝန်းကြိုးစားနေတဲ့ ကမ္ဘာ့အပူချိန်လျှော့ချရေးကသာ အဓိကပါပဲလို့ ပါမောက္ခမော်ဂန်က ပြောဆိုပါတယ်။
Great Barrier သန္တာကျောက်တန်းကြီးဟာ ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းကြီးဖြစ်ပြီး နိုင်ငံအရှေ့မြောက်ဘက် Queensland ပြည်နယ်မြောက်ဘက်ဖျားကနေ တောင်ဘက် ဘန်ဒါဘတ်ခ်ျမြို့ Bundaberg အထိ ရှည်လျားပါတယ်။ ကမ္ဘာ့သဘာဝအမွေအနှစ်အဖြစ် ၁၉၈၁ ခုနှစ်က ကုလသမဂ္ဂက ကြေညာခဲ့တာပါ။
The post ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းကြီးကို ကယ်တင်ရန် ကမ္ဘာ့အပူချိန်လျှော့ချနိုင်မှ ရမည် appeared first on DVB.