စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့လို့ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့မှာ မြစ်ရေမြင့်တက်ခဲ့ပြီး လူပေါင်း ၇ သောင်းကျော် ရေဘေးသင့်ခဲ့သလို အခြေခံပညာ စာသင်ကျောင်း ၃၃၆ ကျောင်းလည်း ရက်အတော်ကြာပိတ်ထားခဲ့ရပါတယ်။
အခုအခါမှာ မြစ်ရေတွေက ပြန်လည် လျော့ကျနေပြီဖြစ်လို့ ပိတ်ထားတဲ့ စာသင်ကျောင်း ၃၃၀ ကျော်ထဲက ၄၄ ကျောင်းကတော့ ပြန်ဖွင့်နေပြီလို့ စစ်ကိုင်းတိုင်း ဒေသကြီး ပညာရေးမှူးရုံးက သိရပါတယ်။
ပြန်ဖွင့်ရန်ကျန်နေသေးတဲ့ ကျောင်းတွေထဲမှာ အထက်တန်းကျောင်း ၃၉ ကျောင်း၊ အလယ်တန်းကျောင်း ၁၀၅ ကျောင်းနဲ့ မူလတန်းကျောင် ၁၄၈ ကျောင်းတို့ဖြစ်တယ်လို့ သိရပါတယ်။
ရေဘေးကြောင့် ပိတ်ထားခဲ့ရတဲ့ ကျောင်းအရေအတွက် အများဆုံးဖြစ်ခဲ့တာက ၆၄ ကျောင်းနှင့် မင်းကင်းမြို့နယ်က အများဆုံးဖြစ်ခဲ့ပြီး ဖောင်းပြင်မြို့နယ်က ကျောင်း ၅၀ နဲ့ ဒုတိယ၊ ဟုမ္မလင်းမြို့နယ်က ၄၅ ကျောင်းနဲ့ တတိယအများဆုံးပိတ်ထားခဲ့ရတာပါ။
လက်ရှိမှာ မြစ်ရေကလည်း မြို့အသီးသီးရဲ့ စိုးရိမ်ရေအမှတ်အောက်ကို ရောက်ရှိကျဆင်းနေပြီ ဖြစ်လို့ ကျန်ရှိနေသေးတဲ့ကျောင်းတွေအနေနဲ့ အမြန်ဆုံးပြန်ဖွင့်နိုင်အောင် ကြိုးစားဆောင်ရွက်နေ ကြပါတယ်။
စစ်ကိုင်းတိုင်းမှာ ရေဘေးကြောင့် လုံးဝပျက်စီးသွားတဲ့အိမ် ၃၂ လုံး၊ ပြောင်းရွှေ့ရတဲ့ အိမ်ခြေ ၄၉၃၄ အိမ်၊ ရေဝင်အိမ် ၁၀၅၂၇ အိမ် စုစုပေါင်း ရေဘေးသင့် အိမ်ထောင်စု ၁၆၁၄၃ အိမ်နှင့် ရေဘေးသင့်လူဦးရေ ၇၁၇၁၀ ထိရှိခဲ့တယ်လို့ တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက သိရပါတယ်။
ရေဘေးသင့်ခဲ့သူတွေနဲ့ ပတ်သက်ပြီး ငွေသားသီးသန့် ကျပ်သိန်း ၅၁၅ သိန်းကျော်၊ ထောက်ပံ့ ပစ္စည်းတန်ဖိုး ကျပ်သိန်း ၁၅၂ သိန်းကျော် စုစုပေါင်း ကျပ်သိန်းပေါင်း ၆၆၈ သိန်းကျော် ကူညီ ထောက်ပံ့ပေးပြီးဖြစ်တယ်လို့ သိရပါတယ်။
The post စစ်ကိုင်းတိုင်းတွင် ရေဘေးကြောင့်ပိတ်ထားသည့် စာသင်ကျောင်းအချို့ပြန်ဖွင့် appeared first on DVB.