နေပြည်တော်မှာ မတ်လ ၈ ရက်မနက်အစောပိုင်းက လှုပ်ခဲ့တဲ့ငလျင်ဒဏ်ကြောင့် စေတီတော်တစ်ဆူ အောက်ပိုင်းပြိုကျကာ စိန်ဖူးတော်မြေခသွားပြီး ကျေးလက်ဆေးပေးခန်း တခု ပြိုကျပျက်စီးခဲ့ပါတယ်။
ငလျင်ကြောင့် ဥတ္တရသီရိမြို့နယ် မိုးစွေကျေးရွာ ရွာလယ်ရှိ ၄၅ ပေ ဉာဏ်တော်အမြင့်ရှိ စေတီတော်ကြီးရဲ့ တောင်ဘက်အခြမ်း အောက်ပိုင်းပြိုကျခဲ့တယ်၊ အရှေ့ တောင်ထောင့် အရပ်က ဉာဏ်တော် ၉ ပေရှိ အရန်စေတီတော်တစ်ဆူ ပြိုကျပျက်စီးပြီး၊ မင်းကုန်းအုပ်စု မအူလေးပင်ကျေးရွာက (၅၅) ပေ ဉာဏ်တော်ရှိ မိုးကောင်းစေတီ စိန်ဖူးတော် မြေခခဲ့တယ်လို့ ခရိုင်ပြန်ဆက်ရုံးက သတင်းထုတ်ပါတယ်။
ဒါ့အပြင် ရွှေနံသာရပ်ကွက်ရှိ ပေ ၃၀- ၂၀ အကျယ်ရှိ အုတ်ခင်း၊ အုပ်ကာ သွပ်မိုးဆေးပေးခန်းရဲ့ တောင်ဘက်အခြမ်း အုတ်နံရံတချပ် ပြိုကျပျက်စီးခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
ရစ်ခ်ျတာစကေး (၅.၅) ရှိ အင်အား အသင့်အတင့်ရှိတဲ့ ငလျင်ဟာ ဒီမနက် ၃ နာရီ ၄၃ မိနစ်လောက်က နေပြည်တော်မြေငလျင်စခန်းက အနောက်မြောက်ဘက် (၁၂) မိုင်ခန့်ကွာဝေးတဲ့ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာရဲ့ အနောက်ဘက် မြဝတီရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံရဲ့ မြောက်ဘက်ကို ဗဟိုပြုလှုပ်ခဲ့တာ ဖြစ်ပါတယ်။
The post နေပြည်တော်ငလျင်ဒဏ်ကြောင့် စေတီ ၁ ဆူ စိန်ဖူးတော်မြေခ၊ ကျေးလက်ဆေးခန်းပြိုကျ appeared first on DVB.