မေ ၃၀ ရက် မြန်မာစံတော်ချိန် မနက် ၇ နာရီ ၅၁ မိနစ်လောက်က တရုတ်-မြန်မာနယ်စပ်မှာ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားပြီး တရုတ်နိုင်ငံဘက်ခြမ်းမှာ လူတွေ ထိခိုက်ဒဏ်ရာရမှု ရှိခဲ့ပါတယ်။

ဓာတ်ပုံ – ဆင်ဟွာ
အမေရိကန် ဘူမိဗေဒ တိုင်းထွာရေး အဖွဲ့ (USGS) ကတော့ အဲဒီငလျင်ဟာ တရုတ်ပြည် ယွမန်ပြည်နယ်ထဲက ပင်းယွမ်ဒေသရဲ့မြောက်ဘက် ၂၇ ကီလိုမီတာမှာ လှုတ်ခတ်သွားတာဖြစ်ပြီး ငလျင်အနက် ၁၀ ကီလိုမီတာ ရှိတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ ငလျင်ဒဏ်ကို သိရှိခံစားလိုက်ရတဲ့အကြောင်းနဲ့ တချို့နေရာတွေ နေအိမ်က မီးသီးတွေ လှုပ်ယမ်းသွားတာလောက်ပဲ ဖြစ်ပြီး ထိခိုက်ပျက်စီးမှု မရှိဘူးလို့ မြို့ခံ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။
အဲဒီငလျင်ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယင်ကျန်းပြည်နယ်ထဲမှာ လှုပ်ခတ်သွားပြီး လူ ၂၉ ယောက် ဒဏ်ရာရရှိတာမှာ ၅ ယောက်ကတော့ အရေးပေါ်အခြေအနေ ဖြစ်တယ်လို့ တရုတ်မြေငလျင်ကွန်ရက်ဌာနကို ကိုးကားပြီး တရုတ်သတင်းတွေမှာ ဖော်ပြပါတယ်။