Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ပုသိမ်ကြီးမြို့တွင် လေပြင်းကြောင့် လူ ၁ ဦး သေ၊ အိမ်ခြေ ၁၀၀ ၀န်းကျင်ပျက်စီး

$
0
0

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ဇီးအုပ်ကွက်သစ်မှာ မေလ ၂၃ ရက်နေ့ ည ၉ နာရီလောက် မိုးသက်လေပြင်းတိုက်​ခတ်​ခဲ့တာကြောင့် လူနေအိမ်အများအပြား ပြိုလဲပျက်စီးခဲ့ပြီး နေအိမ်ပြိုလဲမှု ကြောင့် အမျိုးသမီးတဦးသေဆုံး၊ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနကနေ သိရပါတယ်။

ဇီးအုပ်​ကွက်​သစ်​ပိုင်းမှာ အပိုင်းပေါင်း ၁၀ ပိုင်း ရှိတဲ့အနက် လေပြင်းကြောင့် အပိုင်း ၁၊ ၂၊ ၄ နဲ့ အပိုင်း ၉ မှာရှိတဲ့ နေအိမ် ၁၀၀ ဝန်းကျင် ထိခိုက်ပျက်စီးခဲ့တာလည်း ဖြစ်ပါတယ်။

လေပြင်းကြောင့် နေအိမ်အလုံးလိုက် ပျက်စီးခဲ့တာတွေလည်း ရှိခဲ့ပြီး နေထိုင်ဖို့နဲ့ စားသောက်ဖို့ အခက်အခဲရှိတယ်လို့ သဘာဝဘေးသင့်ပြည်သူ ဒေါ်ဝင်းကြည်က ပြောပါတယ်။

“အိမ်လုံးကြီးရော တခါတည်းပါသွားတာ၊ တချက်တည်းလေတိုက်ပြီးတော့၊ အိမ်လုံးကြီးက ပါလည်း ပါသွားတော့ ကျမတို့က နေလည်း မနေရဲတော့ဘူးလေ၊ ထွက်ပြေးတာပေါ့နော်။ ဒီ တောင်ဘက်ခြမ်း ထွက်ပြေးပြီးတော့ သူများအိမ်ဘေးနားမှာ သွားခိုနေတယ်။ သွားခိုနေတဲ့အချိန်မှာ ကျမယောက်ျားလည်း ပျောက်သွားတယ်။ မတ်က အဲဒီမှာ တုံးလုံးကြီးလဲနေတယ်၊ ခေါင်းထိထားတော့လေ၊ သတိမေ့သွားတာပေါ့၊ အခက်အခဲ ဖြစ်တာကတော့ အခုလောလောဆယ် စားစရာမရှိတော့ဘူး၊ နေစရာလည်း မရှိတော့ဘူးပေါ့” လို့ ဒေါ်ဝင်းကြည်က ပြောပါတယ်။

ဒါ့အပြင် နေထိုင်စရာ အိမ်တွေ ပြန်လည်ဆောက်လုပ်ဖို့ အခက်အခဲရှိတယ်လို့လည်း ဇီးအုပ်ကွက်သစ်နေသူ ဒေါ်ရီဝင်းက ပြောပါတယ်။

“လောလောဆယ် ဘာအကူအညီလိုနေလည်းဆိုတော့ နေကပူနေပြီလေ၊ မိုးအကာအရံကလည်း မရှိ၊ ဒီတိုင်းကြီးပဲနေနေရတာပေါ့၊ အဲ့လိုမျိုးပဲရှိတာပေါ့။ ချက်ပြုတ်စားသောက်ရေးလည်း မလွယ်တော့ဘူးလေ။ အကုန်လုံးပါကုန်တာကို လေထဲလွင့်ကုန်တာ။ အခက်အခဲရှိတာ ချက်ခြင်းကြီးဆိုတော့ အိမ်တလုံးလုံး ပြန်ဆောက်ရမှာကိုး၊ အစ်မတို့အိမ်ဆိုလည်း ထက်ပိုင်းကြီးပါသွားတာဆိုတော့လေ၊ အိမ်တွေကလည်း ယိုင်သွားတာဆိုတော့ အခက်အခဲကတော့ များစွာရှိတာပေါ့လေ”လို့ ဒေါ်ရီဝင်းက ပြောပါတယ်။

အခုလို မုန်းတိုင်းဒဏ်သင့်ပြည်သူတွေအတွက် ကူညီပေးဖို့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ တင်ပြမယ်လို့ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောပါတယ်။

“ကျနော်တို့ကတော့ ကျွန်တော့နယ်ထဲလည်း ပါနေတာကို ပုသိမ်ကြီးတောင်ပိုင်းဆိုတော့ နယ်ထဲပါနေတော့ အစိုးရအဖွဲ့ကိုတင်ပြရမှာပေါ့။ ဒါ ဝန်ကြီးချုပ်ဆီ တင်ပြပြီးတော့မှ ဒီမှာ ခုနက အိမ်ခြေစာရင်းတွေ ဘာတွေ လိုက်မေးနေတယ်။ နောက် ဘယ်အတိုင်းအတာထိ ပျက်လဲ၊ ဒါလေးတွေ မေးပြီးတော့ ဝန်ကြီးချုပ်ကနေ ဘယ်လို အကူအညီတွေ ရမလဲပေါ့။ ဒါလေးတွေ ကျနော်တို့ ပြန်တင်ပြပေးမှာပါ။”

လေပြင်းတိုက်ခတ်မှုကြောင့် သေဆုံးသူဟာ အသက် ၃၀ အရွယ် အမျိုးသမီးတဦးဖြစ်ပြီး မွေးကင်းစ ကလေးမိခင်လို့ သိရပါတယ်။

ထိန်ထိန်လင်း


Viewing all articles

Trending Articles