အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ လောင်နေတဲ့ တောမီးဟာ ဆန်တာကလာရီတာမြို့ နေရာတချို့ကို ဝါးမျိုနေတာကြောင့် လူ ၅၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးလိုက်ရပါတယ်။
လေပြင်းနဲ့ ပူနွေးရာသီဥတုကလည်း Tick Fire တောမီးကို အားကြီးအောင် လုပ်ပေးနေပါတယ်။ ဧက ၃၀၀၀ ကျော် လောင်ကျွမ်းခဲ့တဲ့ ကယ်လီဖိုးနီးယား တောမီးရဲ့ ၅ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်တယ်လို့ ဒေသမီဒီယာက အစီရင်ခံပါတယ်။
မီးသတ်သမားတဦး ရိုက်ကူးထားတဲ့ ဗွီဒီယိုအရ လော့စ်အိန်ဂျလိစ်မြို့ မြောက်ပိုင်းမှာ လောင်နေတဲ့ Tick Fire တောမီးကြောင့် လူနေဧရိယာတွေမှာ မီးတောက်နီတွေနဲ့ မီးခိုးမည်းတွေ ထိုးတက်နေတာ မြင်တွေ့ရပါတယ်။
Tick Fire တောမီးဟာ အောက်တိုဘာလ ၂၄ ရက်နေ့က ဆန်တာကလာရီတာမြို့ပြင်မှာ စလောင်ခဲ့တယ်လို့ ကောင်တီမီးသတ်ဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။