အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ မီးခိုးရောင် မီးခိုးမြူထူတွေ ရစ်သိုင်းနေပြီး လေထုအရည်အသွေး ညွှန်းကိန်းက နိုဝင်ဘာ ၃ ရက်နေ့ မနက်ပိုင်းမှာ ၄၄၇ ထိ ရောက်ခဲ့ပါတယ်။
ဒေလီမြို့အတွင်း အဆိုးဆုံးအချိန်မှာ လေထုအရည်အသွေး ညွှန်းကိန်းအမှတ် ၄၈၆ ထိ ရောက်ခဲ့ပါတယ်။ လေထုအရည်အသွေးက ဆိုးရွားပြင်းထန်တဲ့ အခြေအနေမှာ ဆက်ရှိနေလို့ တရားရုံးချုပ်က အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေ ရောက်နေပြီလို့ နိုဝင်ဘာ ၁ ရက်နေ့က ကြေညာလိုက်ရပါတယ်။
ဒေလီမြို့ပေါ်က ကျောင်းအားလုံးကိုလည်း ၃ ရက် ပိတ်လိုက်ပါတယ်။ ဒေပါဝလီပွဲတော်ကို သောကြာနေ့က ကျင်းပပြီးချိန်ကစပြီး မြို့တွင်း လေထုအခြေအနေက ပိုယိုယွင်းလာခဲ့တာပါ။
မီးခိုးမြူထူတွေကြောင့် မြင်နိုင်စွမ်းလည်း ကျဆင်းနေလို့ ဒေလီလေဆိပ်မှာ နိုဝင်ဘာ ၃ ရက်နေ့ မွန်းလွဲပိုင်းက လေကြောင်းခရီးစဉ်တချို့ ပယ်ဖျက်၊ တချို့ လမ်းကြောင်းလွှဲပြီး တချို့ကိုတော့ နှောင့်နှေးထားခဲ့ရပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်း အားလုံးကိုလည်း နိုဝင်ဘာ ၅ ရက်ထိ ရပ်ထားဖို့ တားမြစ် ပိတ်ပင်လိုက်ပါတယ်။ နယူးဒေလီ မြို့စွန်က လယ်သမားတွေက အောက်တိုဘာမှာ ရိတ်သိမ်းပြီးတဲ့ စပါးခင်းတွေကို မီးရှို့ပြီး မြေရှင်းနေလို့ ကောင်းကင်မှာ မီးခိုးတွေ ထူထပ်သိပ်သည်းနေတာပါ။
နှစ်စဉ် လယ်ကွင်းတွေက ရိုးပြတ်ရှို့မီးတွေကြောင့် နဂိုကတည်းက ယာဉ်ကြောပိတ်ဆို့မှုနဲ့ စက်မှုလုပ်ငန်းတွေက ထွက်တဲ့ မီးခိုးကြောင့် လေထုညစ်ညမ်းနေတဲ့ နယူးဒေလီမြို့ဟာ ကမ္ဘာ့ လေထုညစ်ညမ်းဆုံး မြို့တော် ဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် ဒေလီမြို့ အာဏာပိုင်တွေက လူ သန်း ၂၀ နေတဲ့ မြို့တော်တွင်း အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး အစီအစဉ်ကို တိုးတက်အောင်လုပ်ပြီး ကားသုံးစွဲမှု လျှော့ချဖို့ ကြိုးစားနေပါတယ်။
လယ်သမားတွေက ရိုးပြတ်တွေကို မီးမရှို့အောင် ကောက်ရိုးဆွေးအောင် လုပ်တဲ့စက်ကို ၈၀ ရာခိုင်နှုန်းအထိ ဈေးချရောင်းဖို့ ကမ်းလှမ်းခဲ့ပေမယ့် လယ်သမား နည်းနည်းကသာ စက်တွေကို သုံးတယ်လို့ ပြောပါတယ်။
The post အိန္ဒိယ လေထုအရည်အသွေး ဆိုးရွားပြင်းထန်၊ အရေးပေါ်အခြေအနေ ကြေညာ appeared first on DVB.