Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဇွဲကပင်တောင် တောမီး မကူးစက်ရေး စောင့်ကြည့်နေဟု ဘားအံမီးသတ်ပြော

$
0
0

ကရင်ပြည်နယ် ဇွဲကပင်တောင် တောမီးလောင်မှုကို စောင့်ကြည့်နေပြီး လိုအပ်ပါက မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ တောင်ကမ်းပါးယံတွေပေါ်အထိ တက်ရောက်မီးငြှိမ်းသတ်သွားမယ်လို့ ဘားအံမြို့နယ်၊ မီးသတ်စခန်းမှူး ဦးသီဟမြင့်ဆွေက ပြောပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့ တောပုံကျေးရွာ (အနောက်ဘက်ခြမ်း) သမိုင်းဝင် ဇွဲကပင်တောင်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ ည ၇ နာရီလောက်က စတင်ပြီး တောမီးလောင်ကျွမ်းခဲ့တာပါ။

လက်ရှိအခြေအနေမှာ မီးလောင်မှုနဲ့ပတ်သက်ပြီး အခင်းဖြစ်နေရာမှာ မီးသတ်ယာဉ် ၂ စီးနဲ့ တပ်ဖွဲ့ဝင်တွေက စောင့်ကြည့်နေရတာပါ။

ဘားအံမြို့နယ်၊ မီးသတ်စခန်းမှူး ဦးသီဟမြင့်ဆွေက “တောင်ယာမီးရှို့လို့ ဖြစ်တယ်ဆိုပြီး သတင်းရခဲ့တယ်။ ခုလက်ရှိ တောင်ခြေမှာ ကားနှစ်စီး ထားပြီးတော့ တပ်ဖွဲ့ဝင်တွေကို စက်ကလေးတွေနဲ့ တာဝန်ချထားပြီး မီးမကူးနိုင်အောင် စောင့်ကြည့်နေတဲ့ အနေအထားပါ။ အဆင်ပြေလို့ရှိရင် တောင်ပေါ်ကိုတက်ပြီး မီးကိုရိုက်ဖို့ အနေအထားရှိပါတယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း ၂၀၁၉ ခုနှစ် ကလည်း ထန်းတစ်ပင်ကျေးရွာ(အရှေ့ဘက်ခြမ်း)မှာ မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ မီးငြှိမ်းသတ်ဖို့ အခက်အခဲတွေ ရှိခဲ့တဲ့အတွက် ၂ ရက်ကြာ မီးစောင့်ကြည့် ငြှိမ်းသတ်ခဲ့ရပါတယ်။

ဘားအံမြို့၊ အမှတ် ၇ ရပ်ကွက်မှ ဒေါ်မူမူက “ဇွဲကပင်တောင် မီးလောင်တာကတော့ နှစ်စဉ်နှစ်တိုင်း လောင်နေကျပဲ။ ပေါ့ဆမီးကနေ၊ ဆေးလိပ်တိုတွေကအစ မီးလောင်တာတွေ ရှိသလို ဒီနှစ်ကတော့ ပိုပြီးတော့ များတာပေါ့။ လောင်နေတာကတော့ မနေ့ကတည်းက စလောင်နေတယ်”လို့ ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့ ဇွဲကပင်တောင်ခြေမှာ သာသနိကအဆောက်အဦတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ ဟိုတယ်၊ မိုတယ်လုပ်ငန်းတွေ၊ နှစ်ရှည် ရော်ဘာစိုက်ခင်းတွေ ရှိနေပြီး မီးကူးစက်လောင်ကျွမ်းမှု မရှိအောင် စောင့်ကြည့်နေတယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ကရင်ပြည်နယ်ဟာ ၂၀၁၇ ခုနှစ်ကစတင်ပြီး ခရီးသွားလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာမှာ ပြည်တွင်း ပြည်ပ ဘုရားဖူးဧည့်သည်တွေအနေနဲ့ ဇွဲကပင်တောင်နဲ့ သဘာဝပတ်ဝန်းကျင်ကို အဓိက လာရောက်လည်ပတ်တဲ့ နေရာလည်း ဖြစ်ပါတယ်။

ဇွဲကပင်တောင်မှာ နှစ်စဉ် မီးလောင်မှုတွေ ရှိနေတဲ့အတွက် ဇွဲကပင်တောင်ပတ်ဝန်းကျင် ထိခိုက်နေမှုတွေ မရှိအောင်နဲ့ မီးလောင်မှု မဖြစ်ပွားအောင် ပြည်နယ်အစိုးရက ဦးဆောင်ပြီး ဒေသခံတွေကပါ ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ်တယ်လို့ ဘုရားဖူး လာရောက်လည်ပတ်သူတွေက ပြောပါတယ်။

ရဲမင်းခေါင်

The post ဇွဲကပင်တောင် တောမီး မကူးစက်ရေး စောင့်ကြည့်နေဟု ဘားအံမီးသတ်ပြော appeared first on DVB.


Viewing all articles
Browse latest Browse all 3533