အင်ဒိုနီးရှားရှိ မာရာပီမီးတောင်ဟာ မတ် ၃ ရက် မနက်ပိုင်းက ပေါက်ကွဲပြီး ပြာမှုန်တွေကို အမြင့် ၆ ကီလိုမီတာအထိ မှုတ်ထုတ်ခဲ့တာကြောင့် လူဦးရေထူထပ်ရာ ဂျာဗားကျွန်းပေါ်က ဆိုလိုမြို့ လေဆိပ်ကို ပိတ်လိုက်ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မာရာပီမီးတောင်ဟာ ယိုဂရာကာတာနဲ့ ဆိုလိုမြို့တွေအနီးမှာ ရှိပြီး အင်ဒိုနီးရှားရဲ့ သက်ဝင်အလှုပ်ရှားဆုံး မီးတောင်တွေထဲက တခုပါ။
ဒါကြောင့် မီးတောင် စောင့်ကြည့်ရေးအဖွဲ့က လေကြောင်းဆိုင်ရာ အနီရောင် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ပြာမှုန်တိမ်တိုက်တွေဟာ မြောက်ဘက်ကို ရွေ့လျားနေတယ်လို့ ပြောပါတယ်။
မိုးရာသီမှာ မီးတောင်က စီးကျလာနိုင်တဲ့ ချော်ရည်တွေကို သတိထားဖို့ မီးတောင်စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲက ဒေသခံတွေကို တိုက်တွန်းပါတယ်။
၂၀၁၈ က မာရာပီမီးတောင် နောက်ဆုံးပေါက်ကွဲခဲ့ပြီး အနီးဝန်းကျင်ဒေသတွေကို ပြာမှုန်တွေ ဖုံးခဲ့တယ်လို့ ဘူမိဘေးအန္တရာယ် နည်းပညာသုတေသနက သတင်းထုတ်ပြန်ထားပါတယ်။
မာရာပီမီးတောင်ဟာ ၂၀၁၀ တုန်းကလည်း ဆက်တိုက်ပေါက်ကွဲခဲ့ပြီး လူပေါင်း ၃၅၀ ကျော် သေဆုံးခဲ့ပါတယ်။
The post အင်ဒိုနီးရှားရှိ မာရာပီမီးတောင် ပေါက်ကွဲ appeared first on DVB.