ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့အနီး စပါးကျီးကျေးရွာအုပ်စုရှိ ဘုတ်ပင်ဆိပ်ကျေးရွာနဲ့ ငှက်ပျောချောင်းကျေးရွာကို ဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက် တံတားကျိုးနေတာကြောင့် ဒေသခံပြည်သူတွေ အခက်အခဲများ တွေ့ကြုံ နေရတယ်လို့ ပြောပါတယ်။
ကျေးရွာချင်းဆက် တံတားတည်ဆောက်ပြီး ၃ နှစ်ကြာကာလမှာ ကြံ့ခိုင်မှု လျော့ကျလာကာ တောင်ကျချောင်းရေ တိုက်စားမှုဒဏ်ကြောင့် ဇူလိုင်လအတွင်းက စတင်ပြိုကျလာလို့ ဒေသခံတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ ကျန်းမာရေး တို့အတွက် သွားလာရေး အခက်အခဲတွေ့ကြုံနေရ တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှုး ဦးသောင်းဇင်က ပြောပါတယ်။
“အစကတော့ ရေလယ်ခန်းတစ်ခန်း တောင်ကျရေကြောင့် ကျိုးပြီးပြိုကျသွားတာပါ။ အဲဒါကို ဒေသတွင်းက အုန်းတုံးတွေ အခြားသားသစ်တွေနဲ့ ရှာဖွေပြုပြင်ခဲ့ပါတယ်။ ဒါပေမယ့်ပြုပြင် အသုံးပြုနေဆဲမှာပဲ နောက်ထပ်အခန်း ၅ ခန်းပြိုကျသွားတယ်။ တံတားကိုတောင့်တင်း ကြံ့ခိုင်အောင် ပြန်လုပ်ဖို့အတွက် ကျေးရွာလူထုရန်ပုံငွေနဲ့ မရနိုင်လို့ တိုင်းအစိုးရဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာဌာနတွေကို တင်ပြပြီး အကူအညီတောင်းခံထားပါတယ်။”
တံတားကို အသုံးပြုပြီး ငှက်ပျောချောင်းကျေးရွာမှတစ်ဆင့် ကျေးရွာအုပ်စု ၄ စုကို ဖြတ်သန်းကာ ငရုတ်ကောင်းကမ်းခြေမြို့ကို ရောက်ရှိတာဖြစ်ပြီး အဲဒီကတဆင့် ပုသိမ်မြို့အပါအဝင် မြန်မာပြည်အနှံ့ သွားရောက်ဖို့ အဓိကကျတဲ့ တံတားဖြစ်တယ်လို့ ဆိုပါတယ်။
တောင်ကျချောင်းရေတိုက်စားလို့ ကျိုးကျသွားတဲ့ တံတားကတစ်ဆင့် ငှက်ပျောချောင်း တဖက်ကမ်း ဘုတ်ပင်ဆိပ်၊ စပါးကျီး၊ ပန်းမော်၊ ငန်းချောင်း၊ ကွင်းဘက်၊ ကွင်းဝိုင်း၊ သဲချောင်း၊ သမာန်လေး၊ ရေသိုး၊ ဖေါင်တိုး စသည့်ကမ်းခြေဒေသ ကျေးရွာ ၂၀ ကျော်ကို ခရီးရောက်တာ လို့ ဒေသခံရပ်မိရပ်ဖ ဦးမျိုးအောင်က ပြောပါတယ်။
“ကမ်းခြေကလူတွေ ငရုတ်ကောင်းနဲ့ ပုသိမ်ရောက်ဖို့က ဒီတံတားကအဓိကပါ။ တံတားကျိုး နေတော့ လက်ရှိအခြေအနေမှာ ဆိုင်ကယ် ၂ စီးနဲ့ လူ ၅ ဦးလောက် တင်နိုင်တဲ့ ကူးတို့လှေနဲ့ကူး နေရတယ်။ တောင်ကျရေဆင်းလာရင် အန္တရာယ် ရှိတယ်။ ပြီးတော့စပါးကျီး (အထက)မှာ ကျောင်းတက်တဲ့ ကျောင်းသားကျောင်းသူတွေကလည်း ဒီလမ်းကပဲလာတာဆိုတော့ စိုးရိမ်ရတယ်။ ကျန်းမာရေး အသဲအသန်ဖြစ်လို့ကတော့ ငရုတ်ကောင်း တိုက်နယ်ဆေးရုံကို အချိန်မီရောက်ဖို့ ခက်ခဲတယ်။”
အလျား ၃၉၀ ပေ အကျယ် ၁၀ ပေရှိ အဲဒီတံတားကို ၁၉၉၃ ခုနှစ် ကစတင်တည် ဆောက်ခဲ့ပြီး သစ်မာမဟုတ်တဲ့ သစ်တွေနဲ့ တည်ဆောက် ခဲ့တာကြောင့် ကြံခိုင်မှုအားနည်းကာ ရာသီဥတုနဲ့ တောင်ကျချောင်းရေ ဒဏ်ကြောင့် မကြာခဏပြိုကျကြောင်း ဒေသခံတွေက ပြောပါတယ်။
သတင်း – မင်းထက်မုန်း
The post ငရုတ်ကောင်းမြို့အနီး ကျေးရွာချင်းဆက် တံတားကျိုးကျနေသဖြင့် ဒေသခံများ အခက်ကြုံနေ appeared first on DVB.