Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မြိုင်ကလေး ဘိလပ်မြေစက်ရုံ ရပ်ဆိုင်းပေးရန် ဒေသခံများ တောင်းဆို

$
0
0

ဘားအံမြို့နယ် ကျေးရွာတချို့မှာ ရေတွင်း၊ ရေကန်၊ ချောင်းနဲ့ အင်းအိုင်တွေ ရေအရောင် ပြောင်းလဲလာတာကြောင့် ကျောက်မီးသွေးနဲ့ လည်ပတ်နေတဲ့ မြိုင်ကလေး ဘိလပ်မြေစက်ရုံကို ရပ်ဆိုင်းပေးဖို့နဲ့ မရပ်ဆိုင်းပါက လျှပ်စစ်ဓာတ်အားနဲ့ စက်ရုံလည်ပတ်ပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၂၆ နေ့လယ်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ကော့ပတိုင်ကျေးရွာမှာ ပြုလုပ်တဲ့ သံလွင်အနောက်ဘက်ကမ်း ကျေးရွာတွေ ရေအရောင်ပြောင်းလဲတာနဲ့ ပတ်သက်ပြီး အသိပေးရှင်းလင်းပွဲမှာ ဒေသခံတွေက တောင်းဆိုလိုက်တာပါ။ 

၂၀၁၉ ခုနှစ် အောက်တိုဘာလဆန်းပိုင်းကစပြီး မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ အမှတ် ၂  မြိုင်ကလေး ဘိလပ်မြေစက်ရုံ (တန် ၄၀၀၀) အနီးက ကျေးရွာတွေမှာ ရေတွင်း၊ ရေကန်၊ ချောင်းနဲ့ အင်းအိုင်တွေမှာ  ရေအရောင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

ဘားအံမြို့နယ်၊ ငါးနက်ပြာကျေးရွာနေ နော်စိုးစိုးအေးက “ဒေသခံတွေ သိတာ ဒီရေဟာ ကျောက်မီးသွေးကြောင့်ပဲ၊ အဲဒီကျောက်မီးသွေးပုံကြီးကို ဖယ်လိုက်လို့ရှိရင် နဂိုအတိုင်းပဲ စက်ရုံကို ရပ်ဆိုင်းတာပဲဖြစ်ဖြစ်၊ လျှပ်စစ်နဲ့ပဲဖြစ်ဖြစ် ပြန်လုပ်စေချင်တယ်”လို့ တင်ပြ တောင်းဆိုလိုက်ပါတယ်။

လတ်တလော ကြုံတွေနေရတဲ့ ကျောက်မီးသွေး သယ်ယူတာ၊ ထားသိုတာ၊ သုံးစွဲတာ၊ စွန့်ပစ်ရေတွေနဲ့ပတ်သက်ပြီး လူထုခံစားနေရတဲ့ အသံတွေကို သက်ဆိုင်ရာ စက်ရုံ တာဝန်ရှိသူတွေဘက်က မှတ်သားပြီး တင်ပြပေးဖို့နဲ့ ပြည်နယ်အစိုးရအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကတဆင့် ပြန်လည်ဖြေကြားပေးမယ်လို့ ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာဝန်ကြီး ဦးသန်းနိုင်က ပြောပါတယ်။

“ဒါတွေအကုန်လုံးကို ကျနော်တို့ မှတ်သွားမယ်၊ စက်ရုံကို ဖိတ်ထားတာလည်း ရှိတယ်။ စက်ရုံကလည်း မှတ်သွားပါ။ လူထုပြောတဲ့ဟာတွေအကုန်လုံးကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကနေတဆင့် ကျနော်တို့ ပြန်ပြောပေးပါမယ်။”

ပြည်နယ်အစိုးရအနေနဲ့ ရေအရောင်ပြောင်းလဲတာတွေကို ကွင်းဆင်းစစ်ဆေးတာတွေ ဆက်လက်ဆောင်ရွက်ပေးသွားမယ့်အပေါ် ယုံကြည်မှုမရှိသလို ကျောက်မီးသွေးနဲ့စက်ရုံကြီး လည်ပတ်တာကို ရပ်ဆိုင်းပေးမှသာ ယုံကြည်မယ်လို့ နော်စိုးစိုးအေးက ပြောပါတယ်။

“နောင် ဆက်လက်စစ်ဆေးမှုတွေ  လုပ်မယ့်အစား ဒါဘာလဲဆိုတာကို တိတိကျကျ  ပြောဖို့လိုတယ်။ လူထုက လိုချင်တာက ဒီစက်ရုံကြီးကို ကျောက်မီးသွေးနဲ့လည်တာ မလိုချင်ဘူး။ ဒါပဲသူတို့လုပ်ပေးရမှာ၊  အဲဒါဆိုရင် လူထုက အများကြီးယုံကြည်သွားမယ်”လို့ ဆိုပါတယ်။

ရေအရောင်ပြောင်းလဲခဲ့တဲ့အတွက် ကရင်ပြည်နယ်အစိုးရက ဒေသခံတွေ သောက်သုံးရေ အခက်အခဲမရှိစေဖို့ ရေရှည်အသုံးပြုနိုင်တဲ့ အဝီစိတွင်း ၄ တွင်းနဲ့ ရေစင်၊ ရေလှောင်ကန်တွေကို စက်ရုံနဲ့ အနီးဆုံးကျေးရွာတွေမှာ ဆောင်ရွက်ပေးထားပါတယ်။ 

အမည်းရောင်ပြောင်းလဲခဲ့တဲ့ ရေနမူနာ ဓာတ်ခွဲစမ်းသပ်ခဲ့တဲ့ စစ်ဆေးချက်တွေအရ သောက်သုံးနိုင်တဲ့ အဆင့်ရှိ ရေတွေလို့ ထုတ်ပြန်ထားပေမယ့် ဒီကနေ့ထိ ‌ ပြန်လည်မသုံးစွဲရဲဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဘိလပ်မြေစက်ရုံက ကျောက်မီးသွေးလောင်စာ အသုံးပြုမှုကို ဖျက်သိမ်းပေးဖို့ မေတ္တာပို့ဆုတောင်းပွဲကို ဦး‌‌ဆောင်ပြုလုပ်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ၊ ကရင်မြစ်ချောင်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့၊ တာဝန်ခံ စောသာဘိုးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) နိုင်ငံတော်အကြည်အညိုပျက်စေမှုနဲ့ တရားစွဲဆိုတာတွေ ရှိခဲ့ပါတယ်။ 

သတင်း – ရဲမင်းခေါင်


Viewing all articles
Browse latest Browse all 3533

Trending Articles