Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ပဲခူးမြစ်ရေ စိုးရိမ်ရေအမှတ် နီးကပ်လာ၊ ဒေသခံများ စိုးရိမ် (ရုပ်သံ)

$
0
0

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြို့ မြေနိမ့်ပိုင်းရပ်ကွက်တချို့မှာ ချောင်းရေမြင့်တက်လို့ ရေများဝင်လာပြီး သွားလာရေး ခက်ခဲနေပါတယ်။

ဇူလိုင် ၂၇ ရက် ညနေ ၃ နာရီ မြစ်ရေတိုင်းထွာချက်အရ ၈၅၀ စင်တီမီတာ ရှိခဲ့ပြီး ည ၇ နာရီခွဲမှာတော့ ၈၅၄ စင်တီမီတာကို ရောက်ရှိခဲ့ပါတယ်။ ဇူလိုင် ၂၈ရက်နေ့ မနက်ပိုင်းမှာတော့ ပဲခူးမြစ်ရေ တိုင်းထွာချက်အရ ၈၇၆ စင်တီမီတာအထိ တက်လာနေပါတယ်။ စိုးရိမ် မြစ်ရေ အမှတ်ကတော့ ၉၁၀ စင်တီမီတာ ဖြစ်ကြောင်း ပဲခူးမြို့ မိုးဇလဌာနက ပြောပါတယ်။ အခုချိန်ထိ မိုးအဆက်မပြတ် ရွာသွန်းနေတာမို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး ရေလျံမှု ဖြစ်ပွားနေပါတယ်။ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မော်လူးဒေသ ဟဲနုရွာမှာ မိုးရွာသွန်းတဲ့ အတွက်ကြောင့် အိမ် ၆ လုံးရေမျှောပါပြီး နွား ၅ ကောင်သေဆုံးခဲ့ပါတယ်။ ပေ ၁၀၀ လောက်ရှိတဲ့ တံတားတစင်းလည်း ရေတိုက်စားတာ ခံခဲ့ရပါတယ်။

မြန်မာနိုင်ငံတွင်းရေကြီးမှုတွေကြောင့် လူပေါင်း ၇ သောင်းလောက် ရေဘေးဒဏ်ခံစားခဲ့ရပြီး ၉ ဦး သေဆုံးခဲ့တယ်လို့ UNOCHA ကုလသမဂ္ဂ လူသားချင်းစာနာမှုညှိနှိုင်းရေးရုံးက ထုတ်ပြန်ပါတယ်။ အလားတူ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာလည်း ရေကြီးမှုကြောင့် မိသားစုပေါင်း ၈၀၀ ကျော် နေစရာ မဲ့ဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်း နိုင်ငံတ၀ှမ်းမှာ မိုးသည်းထန်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်ပွားနေပါတယ်။

The post ပဲခူးမြစ်ရေ စိုးရိမ်ရေအမှတ် နီးကပ်လာ၊ ဒေသခံများ စိုးရိမ် (ရုပ်သံ) appeared first on DVB.


Viewing all articles

Trending Articles