Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဧရာဝတီတိုင်းတွင် မြစ်ရေစိုးရိမ်ရေမှတ်မြင့်တက်

$
0
0

ဧရာဝတီတိုင်းအတွင်းမှာ ဧရာဝတီမြစ်ရေမြင့်တက်လာနေတဲ့အတွက် မြို့တွေအတွင်း ရေ၀င်ရောက်မှုတချို့ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဟင်္သာတမြို့ခံတဦးက “ခုလောလောဆယ် မြစ်ရေက မြင့်ပြီးတော့ တော်တော်လေးကို ၀ိုင်းထားတယ်။ ဟင်္သာတ၊ ဟိုဘက်က ဇလွန်၊ ညောင်တုန်းကနေစပြီးတော့ လာလိုက်တဲ့ရေကာတာ ကျနော်တို့တာတွင်းကနေပြောမယ်ဆိုရင် အရှေ့ဘက်ကမ်းတာလို့ ခေါ်တာပေါ့။ မြစ်ဘက်ကပြောမယ်ဆိုရင်တော့ အနောက်ဘက်ကမ်းတာပေါ့။ အဲဒီကနေ နောက်တခါ င၀န်နဲ့အဆုံကနေပြီးတော့ ပြန်လာလိုက်တာ လေးမျက်နှာ၊ ငသိုင်းချောင်း ဟိုဘက်အဆုံးထိပေါ့ အဲဒီအကုန်လုံးက မြစ်ရေက အကြီးအကျယ်မြင့်နေပြီးတော့ နောက်ထပ်တိုးမယ့်အခြေအနေနဲ့ အခုလောလောဆယ်ရှိနေတဲ့ တာရဲ့ ခံနိုင်ရည်နဲ့ဆိုရင် စိုးရိမ်ရမယ့်အနေတော့ တော်တော်ရောက်နေပြီ”လို့ပြောပါတယ်။

ဟင်္သာတ မြို့ပေါ်အခြေအနေနဲ့ပတ်သက်လို့ သူက “ကျနော်တို့က တာဝိုင်းထဲမှာနေတဲ့ အခါကျတော့ မိုးမရွာရင်တော့ မိုးရေက မတက်တော့ဘူး။ ဒါပေမယ့် အပေါ်က ကျလာတဲ့မြစ်ရေက ဒေါက်တာထွန်းလွင် (မိုးလေ၀သပညာရှင်) ပြောသလိုပဲ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ ငသိုင်းချောင်း၊ ရေကြည်၊ ဟိုဘက်က ဓနုဖြူအပါအ၀င်ပေါ့ခင်ဗျာ၊ ဒီဘက်က ညောင်တုန်း တဖက်ကမ်းပေါ့ ကျုံပျော် အဲလိုမြို့တွေကို ရေက အပေါ်ကနေ စီးပြီးတော့ ၀ိုင်းရံထားတာပေါ့။ အဲလိုစီးထားတာဆိုတော့ တာမကျိုးရင်တော့ ကျနော်တို့က ပြသနာမရှိဘူး။ တာကျိုးပြီဆိုလို့ရှိရင်တော့၊ အခုနေ င၀န်တာကျိုးမယ်ဆိုရင်တော့ ဟင်္သာတတခြမ်းသားနဲ့ အောက်က ရေကြည် ငါးသိုင်းချောင်းကနေ ကျောင်းကုန်းအထိအောင် ဆက်သွားမယ်ပေါ့ဗျာ။ ပန်းတနော်ထိအောင်ပေါ့။ နောက် ဧရာဝတီမြစ်က ရေကာတာကျိုးမယ်ဆိုရင်တော့ ဟင်္သာတမြို့ အပါအ၀င် ပန်းတနော်ထိအောင် ဆက်ကြီးသွားမယ်”လို့ပြောပါတယ်။

တားမကျိုးပေမယ့် အောက်ပိုင်းမှာနေသူတွေကတော့ ရေထိရင် ပျက်စီးမယ့်ပစ္စည်းတွေကို အမြင့်ပိုင်းကို သယ်ဆောင်နေကြပါတယ်။

ညောင်တုန်းမြို့ ဒေသကွပ်ကဲရေးစခန်းကို ဆက်သွယ်မေးမြန်းရာမှာ မြို့ပေါ်တာမှာ ရေကျော်တာ၊ မရှိသေးဘူးလို့ဖြေကြားပါတယ်။
“ကျမတို့ အခု ညောင်တုန်းမြစ်ရေက လက်ရှိအနေအထားမှာ ၂၅ ဒသမ ၇ ပါ။ မြို့ပေါ်အနေအထားနဲ့ကတော့ မြို့ပေါ်တာအနေနဲ့ ရေကျော်တာတို့၊ တာကျိုးတာတို့ မရှိသေးဘူးရှင့်။ လက်ရှိအနေအထားမှာကတော့ ထူးခြားချက်အနေနဲ့ကတော့ ဘာမှတော့ မြို့ပေါ်အနေနဲ့မရှိဘူး။ ကျေးရွာတွေမှာတော့ ရေစိမ့်ပေါက်တွေ ဖြစ်တာလေးတွေတော့ရှိပါတယ်။ အဲဒါတွေကလည်း သိပ်ပြသနာမရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့ ဒီဘက်ကနေပြီးတော့ သဲအိတ်တို့နဲ့ ဒေသအာဏာပိုင်အဖွဲ့အစည်းတွေ၊ စစ်တပ်တို့၊ မီးသတ်တို့၊ ရဲတို့က ကျမတို့မှာ လူအင်အားက stand by က အမြဲတမ်းရှိတယ်ဆိုတဲ့အခါကျတော့ ဖြစ်ပြီဟေ့လို့ အကြောင်းကြားတာနဲ့ ဒီဘက်ကနေပြီးတော့ ချက်ခြင်းပေါ့ လူအားရော၊ ပစ္စည်းအားရော ၀ိုင်းဝန်းပြီးတော့ ဆောင်ရွက်လိုက်တဲ့အခါမှာ အကုန်လုံးကအချိန်နဲ့ တပြေးညီ ပြီးသွားတယ်ပေါ့နော်။ အချိန်မီပြီးသွားတယ်ပေါ့။” လို့ ဖြေပါတယ်။

ပုသိမ်မြို့ခံတွေအဆိုအရ ပုသိမ်မြို့ပေါ် ၃၄ ရပ်ကွက်၊ မနော်ဟရီ၊ ဆင်းသီရိ၊ ရေကြည်ဦးရပ်ကွက် အနိမ့်ပိုင်းရပ်ကွက်ကလေးတွေနဲ့ မြို့တော်ခန်းမရှေ့တွေမှာ ရေတက်တယ်လို့ သိရပါတယ်။ မိုးတော့ မရွာပဲ မြစ်ရတက်တာလို့ဆိုပါတယ်။

ပုသိမ်မြို့ခံ ဦးသက်လွင်က “အပျက်အစီး၊ အရွှေ့အပြောင်းမရှိသေးဘူးခင်ဗျ။ ဒါပေမယ့် ရေဘေးကယ်ဆယ်ဖို့အတွက် မြို့တော်ခန်းမရှေ့မှာ ကျနော်တို့ အိပ်အာဒီပီအဖွဲ့သားတွေရယ်၊ မြို့သူမြို့သားတွေရယ် စုပေါင်းပြီးတော့ မနက်ကမှ ပွင့်ဖြူကိုထွက်သွားပြီခင်ဗျ။ ငွေက သိန်း ၁၃၀ ကို သုံးချိုးနှစ်ချိုးခွဲပြီးသယ်သွားပြီ။ ကျန်တချိုးကို ဧရာဝတီတိုင်းအတွက် အရံထားတယ်ခင်ဗျ” လို့ ပြောပါတယ်။

ရေလွှမ်းမှု အခြေအနေနဲ့ပတ်သက်လို့ ပညာရှင်တွေသတိပေးချက်က “ပညာရှင်ပြောတာကတော့ ၅၀ ရာခိုင်နှုန်းမှန်မယ်။ ကျနော်တို့ ဒေသတွင်းမှာဆိုရင် လောလောဆယ် မိုးနည်းနည်းဝေးနေ တယ်။ ခုလေးမှ ခပ်တန်တန်ရွာပြီး ပြတ်သွားတယ်။ ရေကျရက်ဆိုတော့ လောလောဆယ် ပုသိမ်မြို့ပေါ်ရပ်ကွက်တွေဘာမှသိပ်မရှိသေးဘူး။ မြို့နဲ့ ၇ မိုင်လောက်ဝေးတဲ့ တောရွာတွေမှာ ဆိုရင်တော့ လယ်ကွင်းတွေမှာတော့ ရေမြုပ်တဲ့အနေအထားရှိတယ်။” လို့ ပြောပါတယ်။

မိုးလေ၀သနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ နေ့ခင်း ၁ နာရီထုတ်ပြန်ချက်မှာ – စိုးရိမ်ရေမှတ်အထက် ဆက်လက်မြင့်တက်နိုင်မှု အခြေအနေနဲ့ပတ်သက်လို့ “ဧရာဝတီမြစ်ရေသည် အောင်လံမြို့တွင် (၂)ပေခွဲခန့်၊ ပြည်မြို့နှင့် ဆိပ်သာမြို့တို့တွင် (၂)ပေခန့်စီ၊ ဟင်္သာတမြို့တွင် (၃)ပေခွဲခန့်၊ ဇလွန်မြို့ တွင် (၃)ပေခန့်၊ င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် (၃)ပေခွဲခန့် ယင်းမြို့များ၏စိုးရိမ်ရေမှတ်အသီးသီး အထက်သို့ ကျော်လွန်နေပါ သည်။ နောက်(၂)ရက်အတွင်း ပေ၀က်ခန့် ဆက်လက် တက်လာနိုင်ပြီး ယင်းမြို့ များ၏စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်ပါသည်။”လို့ပါရှိပါတယ်။

စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်မှု အခြေအနေနဲ့ပတ်သက်လို့တော့ “စစ်တောင်းမြစ်ရေသည် မဒေါက်မြို့ တွင် (၃)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေ မှတ်အထက်သို့ ကျော်လွန်နေပါသည်။ နောက်(၃) ရက်အတွင်း (၁)ပေခန့် ကျဆင်းနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်” လို့ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်ကတည်းက နိုင်ငံတွင်း တိုင်းနဲ့ ပြည်နယ်အကုန်နီးပါးမှာ ရေကြီးရေလျှံတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်ခန့်က တချို့အထက်ပိုင်းဒေသ တွေမှာ ရေကျပြီး ကျေးလက်မြို့ရွာသန့်ရှင်းရေးတွေ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း အစပြုလုပ်ဆောင်နေကြပါတယ်။

The post ဧရာဝတီတိုင်းတွင် မြစ်ရေစိုးရိမ်ရေမှတ်မြင့်တက် appeared first on DVB.


Viewing all articles

Trending Articles