၁၈၅၀ ခုနှစ်ကတည်းကစတဲ့ မှတ်တမ်းတွေအရဆိုရင် ဒီနှစ်ဟာ သတ္တမမြောက် အပူနွေးဆုံးနှစ် ဖြစ်တယ်လို့ ကမ္ဘာ့မိုးလေ၀သအဖွဲ့ကြီး (WMO က ပြောကြားလိုက်ပါတယ်။
လေထုအတွင်း လူဖန်တီးလို့ ဖြစ်လာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ တဖြည်းဖြည်း ထုထည် ကြီးမားလာမှုဟာ အနာဂတ်မှာ ပူနွေးလာမယ့် အဓိပ္ပာယ် သက်ရောက်နေပြီလို့ ကမ္ဘာ့မိုးလေ၀သအဖွဲ့ကြီးက ဆိုပါတယ်။
ပိုလန်နိုင်ငံ ၀ါဆောမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ ရာသီဥတုအစည်းအဝေးရဲ့ အပြင်မှာ ကမ္ဘာ့မိုးလေ၀သအဖွဲ့ကြီးလက်ထောက် အတွင်းရေးမှူးချုပ် ဂျယ်ရမီယ် လန်ဂိုဆာက သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပြီး အစည်းအဝေးကို နိုင်ငံ ၂၀၀ နီးပါးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
ကမ္ဘာ့မိုးလေ၀သအဖွဲ့ကြီးရဲ့ ယာယီ သုံးသပ်ချက်တွေအရ၊ ဒီနှစ် ပထမ ၉ လဟာ ၂၀၀၃ ခုနှစ်က အလားတူကာလလိုပဲ သတ္တမမြောက် အပူနွေးဆုံး ဖြစ်ကြောင်း၊ ကမ္ဘာ့ကုန်းမြေနဲ့ သမုဒ္ဒရာမျက်နှာပြင်ရဲ့ ပျမ်းမျှအပူချိန်က ၀ ဒဿမ ၄၈ ဒီဂရီ စင်တီဂရိတ် (၀ ဒဿမ ၈၆ ဒီဂရီ ဖယ်ရင်ဟိုက် ရှိပြီး ၁၉၆၁-၁၉၉၀ ခုနှစ်တွေက ပျမ်းမျှအပူချိန်ထက် မြင့်တယ်လို့ ဆိုပါတယ်။
မှတ်တမ်းတွေအရ ၂၀၁၃ ခုနှစ်ဟာ အပူနွေးဆုံး ထိပ်ပိုင်း ၁၀ နှစ်အတွင်းမှာ ထိပ်ဆုံး ဖြစ်ဖွယ်ရှိတယ်လို့ လန်ဂိုဆာက ပြောပါတယ်။
ရာသီဥတုပြင်းထန်တာတွေထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံကို ၀င်ရောက်ဖျက်ဆီးသွားတဲ့ ဆူပါတိုက်ဖုန်း ဟိုင်ယန်ဟာ သမိုင်းမှာ အဆိုးဝါးဆုံး မုန်တိုင်းတခု ဖြစ်ပါတယ်။
ဒီနှစ် ရာသီဥတုပြင်းထန်မှုတွေထဲမှာ ဩစတြေးလျက အပူလှိုင်းတွေ၊ ဆူဒန်နဲ့ ဥရောပရဲ့ ကျယ်ပြန့်တဲ့ဒေသတွေ အပါအ၀င် နေရာအတော်များများက ရေလွှမ်းမိုးမှုတွေကိုလည်း မှတ်တမ်း တင်ထားကြောင်း၊ ဂျပန်နိုင်ငံမှာလည်း အပူနွေးဆုံးနွေရာသီအဖြစ် စံချိန်တင်ခဲ့ကြောင်း ကမ္ဘာ့မိုးလေ၀သအဖွဲ့ကြီးက ပြောဆိုပါတယ်။
ကုလသမဂ္ဂရဲ့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အစိုးရချင်းကြား ဆွေးနွေးတဲ့အဖွဲ့ (အိုင်ပီစီစီ က လူသားတွေဟာ ၁၉၅၀ ခုနှစ်ကတည်းက ရာသီဥတု ပူနွေးလာမှုရဲ့ အဓိက အကြောင်း ဖြစ်နိုင်ချေရှိတယ်လို့ စက်တင်ဘာလထဲမှာ တင်ပြလာပါတယ်။
အပူလှိုင်းတွေ၊ မိုးသည်းထန်မှုတွေနဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာအပါအ၀င် ရိုက်ခတ်မှုတွေ ဖြစ်လာမယ်လို့ အဲဒီအဖွဲ့က ခန့်မှန်း တွက်ချက်ပါတယ်။
ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာဟာ ပင်လယ်ကမ်းရိုးတန်းနေ ပြည်သူတွေအတွက် မုန်တိုင်းဒဏ်တွေကို ခုခံနိုင်စွမ်းမရှိအောင် ဖန်တီးပြီးသား ဖြစ်နေတယ်လို့ ကမ္ဘာ့မိုးလေ၀သအဖွဲ့ကြီးက ပြောပါတယ်။