Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ချင်းတွင်းမြစ်ရေတွင် သတ္တုဆိပ်ပါဝင်မှုနှုန်း များသောကြောင့် သောက်သုံးရန်မသင့်

$
0
0

ချင်းတွင်းမြစ်ရေမှာ သတ္တုအဆိပ်ပါဝင်မှုနှုန်း မြင့်မားနေတဲ့အတွက် သောက်သုံးဖို့မသင့်တဲ့ အခြေအနေ ဖြစ်တယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရိုးတလျှောက် မြို့ကြီး ၉ မြို့မှာ ပို့ဆောင်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နဲ့ မြစ်ကြောင်းထိန်းသိမ်းရေး ဦးစီးဌာနက မြစ်ရေ အရည်အသွေးကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။

စစ်ဆေးမှုရလဒ်တွေအရ ချင်းတွင်းမြစ်ရေဟာ သောက်သုံးရင် အန္တရာယ်ဖြစ်နိုင်တဲ့အထိ သတ္တုဆိပ်တွေ ပျံ့နှံ့နေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

“ချင်းတွင်းဆိုရင် ဟဲဗီးမက်တယ်လ်တွေ များလာတယ်။ အိုင်းယွန်းတို့၊ ကော့ပါးတို့၊ အာဆင်းနစ်တို့ အဲဒါတွေများလာတာကို ကျနော်တို့ တွေ့ရတယ်။ တွေ့ရတယ်ဆိုတော့ ချင်းတွင်းမှာဆိုရင် အဓိကတော့ ရွှေလုပ်ငန်းတွေနဲ့ ရွှေတူးတဲ့ လုပ်ငန်းတွေပေါ့နော်။ အဲဒီဟာတွေကသုံးတဲ့ စွန့်ပစ်ပစ္စည်းတွေပေါ့။ ဟဲဗီးမက်တယ်လ်တွေမှာတော့ ချင်းတွင်းမှာ ပိုများလာတယ်။ သောက်သုံးလို့ အဲဒီဟာတော့ မသင့်ဘူးလို့ တွေ့ရတယ်။ ဧရာဝတီမှာတော့ ဟဲဗီးမက်တယ်လ် အဲလောက်ထိတော့ မတွေ့ရသေးဘူး” လို့ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူုး ဦးအောင်မျိုးခိုင်က ပြောပါတယ်။

ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေတွေကို စစ်ဆေးသလို မြန်မာနိုင်ငံမှာရှိတဲ့ တခြား မြစ်တွေကိုလည်း ပို့ဆောင်ရေးဝန်ကြီးဌာနက စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်သွားဖို့ ရှိနေပါတယ်။

“မြစ်ကြောင်းတလျှောက်မှာရှိတဲ့ ကျနော်တို့ မိုင်းနင်းအက်တီဗတီ (Mining Activity) ပါ့၊ အဲဒီလုပ်ငန်းတွေကြောင့်သော်လည်းကောင်း၊ နောက်တခုက စက်ရုံအလုပ်ရုံတွေက စွန့်ပစ်တဲ့ Drainage တွေကြောင့်သော်လည်းကောင်း၊ နောက်တခုက မြို့တွေကနေ စွန့်ပစ်တာလေ။ Sewage Water ပေါ့နော်။ အဲဒီက စွန့်ပစ်တဲ့ ရေကြောင့်သော်လည်းကောင်း၊ ကျနော်တို့က ရေညစ်ညမ်းမှု မဖြစ်အောင် အမှန်တော့ ထိန်းသိမ်းချင်တယ်။ ထိန်းသိမ်းချင်တော့ အဲဒီဟာကို သူ့ရဲ့ကွာလတီ ဘယ်လောက်ကျသွားပြီလဲ။ ကျနော်တို့ အဲလိုမျိုးဟာတွေကို ကျနော်တို့က စစ်ဆေးလာတာပေါ့” လို့ ဦးအောင်မျိုးခိုင်က ဆက်ပြောပါတယ်။

ချင်းတွင်းမြစ်ရေ အခုလို ညစ်ညမ်းရတာဟာ မြစ်ရိုးတလျှောက် ရွှေတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် အဓိကဖြစ်နေတဲ့အတွက် အဲဒီလုပ်ငန်းတွေကို အစိုးရက စနစ်တကျ ထိန်းသိမ်းမှသာ ရေရှည်အတွက် ကောင်းမွန်မှာ ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် လေ့လာသူတွေက သုံးသပ်ကြပါတယ်။

The post ချင်းတွင်းမြစ်ရေတွင် သတ္တုဆိပ်ပါဝင်မှုနှုန်း များသောကြောင့် သောက်သုံးရန်မသင့် appeared first on DVB.


Viewing all articles

Trending Articles