Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all 3533 articles
Browse latest View live

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ၌ ဟမ်းဘို့ပင်ဂွင်းငှက် ၆ ကောင်ရောက်ရှိ

$
0
0

ဂျပန်နိုင်ငံက ပင်ဂွင်း ၆ ကောင် နေပြည်တော် တိရစ္ဆာန်ဥယျာဉ်ကို မြန်မာ-ဂျပန် နှစ်နိုင်ငံ ပိုမိုရင်းနှီးမှုအနေနဲ့ ဂျပန်နိုင်ငံမှ ပေးပို့တဲ့ ဟမ်းဘို့ (Humblodt pengucn) အမျိုးအစား ပင်ဂွင်း ၆ ကောင် တိရစ္ဆာန် ဥယျာဉ် (နေပြည်တော်) ကို ဖေဖော်ဝါရီ ၂၈ ရက်က ရောက်ရှိလာတယ်လို့ သိရပါတယ်။

ပင်ဂွင်း အထီး လေးကောင်နှင့် အမနှစ်ကောင်ဖြစ်ပြီး အဆိုပါ ဟမ်းဘို့ပင်ဂွင်းငှက်တွေကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၊ တိရစ္ဆာန်ဥယျာဉ်များဌာနနဲ့ ဂျပန်နိုင်ငံ KATSURAHAMA Aquariumတို့ နှစ်နိုင်ငံ တိရစ္ဆာန် လဲလှယ်ရေး အစီအစဉ်အရ Htoo zoos & Garden Business unit တို့နဲ့ ပူးပေါင်းဆောင်ရွက်တာလို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြထားပါတယ်။

ဟမ်းဘို့ ပင်ဂွင်းငှက်တွေဟာ တောင်အာဖရိကတိုက် အရှေ့တောင်ဘက်၊ ပစိဖိတ်ကမ်းရိုးတန်းတလျှောက်မှာ နေထိုင်ကျက်စားလေ့ရှိပြီး ပီရူးနဲ့ ချီလီနိုင်ငံတို့မှာ အများအပြားတွေ့ရတယ်လို့ ဆိုပါတယ်။

ပင်ဂွင်းငှက်တွေဟာ အသက် သုံးနှစ်မှာ အရွယ်ရောက်ပြီး ကျောက်ဆောင် ကျောက်နံရံတွေနဲ့ ကျောက်လိုဏ်ဂူတွေမှာ အသိုက်ပြု လုပ်လေ့ရှိကာ တစ်ခါ သားပေါက်လျှင် ဥနှစ်ဥသာ ဥလေ့ ရှိတယ်၊ ဥတွေကို အဖိုနဲ့ အမမှာ တလှည့်စီဝပ်လေ့ရှိပြီး ရက် ၄ဝ အတွင်း အကောင်ပေါက်တယ်၊ သက်တမ်းကတော့ ၁၅ နှစ်က အသက်၂ဝ နှစ် အထိရှိတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

The post တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ၌ ဟမ်းဘို့ပင်ဂွင်းငှက် ၆ ကောင်ရောက်ရှိ appeared first on DVB.


ချင်းပြည်နယ်တွင် ငလျင် ၂ ကြိမ်လှုပ်ခတ်

$
0
0

ချင်းပြည်နယ်မှာ ဒီနေ့ မနက်ပိုင်းက ငလျင် နှစ်ကြိမ်လှုပ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မတ်လ ၃ ရက်၊ မနက် ၂ နာရီခွဲလောက်က ထန်တလန်မြို့ရဲ့ အနောက်တောင်ဘက် ၂၆ မိုင်လောက်အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၃ ဒသမ ၆ အဆင့်ရှိ အင်အား နည်းနည်းရှိတဲ့ ငလျင်တခု လှုပ်ခဲ့ပါတယ်။

မနက် ၈ နာရီမှာတော့ တွန်းဇံမြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၃၀ လောက်အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၄ အဆင့်ရှိ အင်အားနည်း ငလျင်တခု ထပ်လှုပ်ခဲ့တာပါ။

The post ချင်းပြည်နယ်တွင် ငလျင် ၂ ကြိမ်လှုပ်ခတ် appeared first on DVB.

ကျောက်ထုတ်လုပ်မှု ပတ်ဝန်းကျင်မထိခိုက်ရန် ကြပ်မတ်နေဟု ရေးမြို့နယ်အုပ်ချုပ်ရေးမှူးပြော

$
0
0

 

ရေးမြို့နယ်အတွင်း လမ်းဦးစီးဌာနလုပ်ငန်းများအပါအ၀င် နတလ၊ စည်ပင်နဲ့ ကျေးလက် ဦးစီးဌာနလုပ်ငန်းများ၊ အစိုးရနဲ့ ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းတွေကြောင့် ကျောက်လိုအပ်ချက် မြင့်မားနေပြီး သက်ဆိုင်ရာမှ သဘာဝပတ်ဝန်းကျင်မထိခိုက်စေရေး ကြပ်မတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွန့်က ”သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်မှုအပေါ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနဆိုတာ ရှိပါတယ်။ သူတို့က မထိခိုက်နိုင်ဘူးဆိုမှ လိုင်စင်ထုတ်ပေးပါတယ်၊ မြို့နယ်အနေနဲ့ကတော့ ရရှိလာတဲ့ အချက်အလက်တွေအားလုံး ပြည့်စုံမှန်ကန်တယ်ဆိုရင် လိုင်စင်လုပ်ပေးမယ်။ ကျောက်ထုတ်လုပ်ရေးနဲ့ပတ်သက်လို့ အကြောင်းအရာကိုကြည့်ပြီး ဖြေရှင်းလို့ရတာတွေကို သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ဖြေရှင်းပေးပါမယ်” လို့ ပြောပါတယ်။

အရင်နှစ်က ကျောက်ထုတ်လုပ်ရေးလုပ်ငန်းလိုင်စင်ရ ၂၀ ဦးရှိခဲ့ပြီး အခုနှစ်မှာ ၁၈ ဦး လာရောက်လျှောက်ထားပြီးဖြစ်ကာ ထပ်မံလျှောက်ထားဖို့လည်း ရှိနေတယ်လို့ ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။

YE Group Co.Ltd မှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအောင်ခိုင်က ”မြို့နယ်ရဲ့ ကျောက်လိုအပ်ချက်က လမ်းခင်းကျောက်မျိုးစုံ၊ အဆောက်အဦဆောက်တဲ့ကျောက်တွေ၊ နိုင်ငံတော်ရဲ့တည်ဆောက်တဲ့လုပ်ငန်းတွေ၊ ဒေသတွင်းအဆောက်အဦသုံး လိုအပ်ချက်အတွက် နှစ်စဉ်မြင့်တက်နေတယ်။ လုပ်ခဲ့တဲ့အတွေ့အကြုံအရ လိုအပ်မှုက တစ်နှစ်ကို ကျောက်ကျင်းရေ သုံးသောင်းဝန်ကျင်ရှိတယ်။ လာမယ့်ဘတ်ဂျက်မှာ လမ်းလုပ်ငန်းတွေများလို့ ပိုပြီးလိုအပ်ပါဦးမယ်” လို့ ပြောပါတယ်။

”ကျောက်လိုအပ်ချက် တိုးတက်လာတာနဲ့အမျှ ကျောက်မိုင်းတွေ တိုးလာနိုင်တဲ့ အနေအထား ရှိနိုင်ပေမယ့် မိုင်းခွဲတဲ့စနစ်အရ၊ လုံခြုံရေးအပိုင်းအရ၊ သဘာဝပတ်ဝန်းကျင် အခြေအနေအရ မသုံးသင့်တဲ့အထဲမှာပါတယ်၊ ခေတ်မှီစက်ယန္တရားတွေသုံးပြီး ဆောင်ရွက်လို့ ရနေပြီ၊ သဘောကတော့ မိုင်းနဲ့ခွဲလို့ရှိရင် ယမ်းရဲ့ပေါက်ကွဲမှုက လမ်းကြောင်းတွေ အများကြီး ဖြစ်သွားနိုင်လို့ ပတ်ဝန်းကျင်ကိုထိခိုက်နိုင်တယ်။ Breaker လို့ခေါ်တဲ့ ခေတ်မှီစက်ယန္တရားကို သုံးပြီးလုပ်ရင် ပိုကောင်းမယ်လို့ အကြံပြုချင်တယ်။ လုပ်လည်းလုပ်နေကြပြီ” လို့ သူက ဆက်လက်ပြောကြားပါတယ်။

ဝင်းနိုင်သက်

ဓါတ်ပုံ – ရေးမြို့နယ်ကျောက်ထုတ်လုပ်ရေးလုပ်ငန်းခွင်

The post ကျောက်ထုတ်လုပ်မှု ပတ်ဝန်းကျင်မထိခိုက်ရန် ကြပ်မတ်နေဟု ရေးမြို့နယ်အုပ်ချုပ်ရေးမှူးပြော appeared first on DVB.

နေပြည်တော်တွင် ငလျင်လှုပ်

$
0
0

မြန်မာနိုင်ငံရဲ့မြို့တော် နေပြည်တော်အနီးမှာ ရစ်ခ်ျတာစကေး ၅.၅ အဆင့်ရှိ အင်အား အသင့်အတင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

မတ်လ ၈ ရက် မြန်မာစံတော်ချိန် ၃ နာရီ ၄၃ မိနစ် ၈ စက္ကန့်အချိန်က နေပြည်တော်မြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၂ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း မြောက်လတ္တီတွဒ် (၁၉.၉၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၁) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြုပြီး  မြေငလျင်တခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။

The post နေပြည်တော်တွင် ငလျင်လှုပ် appeared first on DVB.

နေပြည်တော်ငလျင်ဒဏ်ကြောင့် စေတီ ၁ ဆူ စိန်ဖူးတော်မြေခ၊ ကျေးလက်ဆေးခန်းပြိုကျ

$
0
0

 

နေပြည်တော်မှာ မတ်လ ၈ ရက်မနက်အစောပိုင်းက လှုပ်ခဲ့တဲ့ငလျင်ဒဏ်ကြောင့် စေတီတော်တစ်ဆူ အောက်ပိုင်းပြိုကျကာ စိန်ဖူးတော်မြေခသွားပြီး ကျေးလက်ဆေးပေးခန်း တခု ပြိုကျပျက်စီးခဲ့ပါတယ်။

ငလျင်ကြောင့် ဥတ္တရသီရိမြို့နယ် မိုးစွေကျေးရွာ ရွာလယ်ရှိ ၄၅ ပေ ဉာဏ်တော်အမြင့်ရှိ စေတီတော်ကြီးရဲ့ တောင်ဘက်အခြမ်း အောက်ပိုင်းပြိုကျခဲ့တယ်၊ အရှေ့ တောင်ထောင့် အရပ်က ဉာဏ်တော် ၉ ပေရှိ အရန်စေတီတော်တစ်ဆူ ပြိုကျပျက်စီးပြီး၊ မင်းကုန်းအုပ်စု မအူလေးပင်ကျေးရွာက (၅၅) ပေ ဉာဏ်တော်ရှိ မိုးကောင်းစေတီ စိန်ဖူးတော် မြေခခဲ့တယ်လို့ ခရိုင်ပြန်ဆက်ရုံးက သတင်းထုတ်ပါတယ်။

ဒါ့အပြင် ရွှေနံသာရပ်ကွက်ရှိ ပေ ၃၀- ၂၀ အကျယ်ရှိ အုတ်ခင်း၊ အုပ်ကာ သွပ်မိုးဆေးပေးခန်းရဲ့ တောင်ဘက်အခြမ်း အုတ်နံရံတချပ် ပြိုကျပျက်စီးခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ရစ်ခ်ျတာစကေး (၅.၅) ရှိ အင်အား အသင့်အတင့်ရှိတဲ့ ငလျင်ဟာ ဒီမနက် ၃ နာရီ ၄၃ မိနစ်လောက်က နေပြည်တော်မြေငလျင်စခန်းက အနောက်မြောက်ဘက် (၁၂) မိုင်ခန့်ကွာဝေးတဲ့ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာရဲ့ အနောက်ဘက် မြဝတီရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံရဲ့  မြောက်ဘက်ကို ဗဟိုပြုလှုပ်ခဲ့တာ ဖြစ်ပါတယ်။

The post နေပြည်တော်ငလျင်ဒဏ်ကြောင့် စေတီ ၁ ဆူ စိန်ဖူးတော်မြေခ၊ ကျေးလက်ဆေးခန်းပြိုကျ appeared first on DVB.

မူဆယ်မြို့အနီး အင်အား ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်

$
0
0

ဒီနေ့မနက် ၄ နာရီကျော်က မူဆယ်မြို့နားမှာ ငလျင်တခု လှုပ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မနက် ၄ နာရီ ၃၈ မိနစ်က  ကသာမြေငလျင်စခန်းရဲ့ အရှေ့တောင်ဘက် ၁၃၆ မိုင်လောက် ဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း၊ မူဆယ်မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၄၀ လောက်အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၄ ဒသမ ၈ အဆင့် အင်အားအနည်းငယ်ရှိတဲ့ ငလျင်တခု လှုပ်သွားတယ်လို့ ဆိုပါတယ်။

The post မူဆယ်မြို့အနီး အင်အား ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ် appeared first on DVB.

ပြည်နယ်နှင့်တိုင်း ၈ ခုတွင် မိုးရွာမည်

$
0
0

ပြည်နယ်နဲ့တိုင်း ၈ ခုမှာ ဒီနေ့ နေရာကွက်ကျားမိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ကချင်၊ ရှမ်း၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား၊ တနင်္သာရီတိုင်းမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ရွာဖို့ ရာနှုန်း ၈၀ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

နောက် ၂ ရက်အထိမှာတော့ ပဲခူးတိုင်း၊ ရန်ကုန်နဲ့ တနင်္သာရီတိုင်း၊ ကချင်၊ ရှမ်း၊ ကယား၊

ကရင်နဲ့ မွန်ပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့  ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်တွေ ဖြစ်နေတယ်လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။

The post ပြည်နယ်နှင့်တိုင်း ၈ ခုတွင် မိုးရွာမည် appeared first on DVB.

စိုက်ပျိုးရေး မိုးလေ၀သဆိုင်ရာ အချက်အလက် ခန့်မှန်းချက်များ မိုးဇလထုတ်ပြန်

$
0
0

မတ်လ (ပထမ) ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ စိုက်ပျိုးရေး မိုးလေ၀သအခြေအနေများအကျဉ်းချုပ်နဲ့ မတ်လ ဒုတိယ ၁၀ ရက်ပတ်အတွက် စိုက်ပျိုးရေး မိုးလေ၀သဆိုင်ရာ အချက်အလက် ခန့်မှန်းချက်တွေကို မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

မတ်လ(ပထမ)ဆယ်ရက်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအနေများပေါ်မူ တည်၍ စိုက်ပျိုးရေးဆိုင်ရာ မိုးလေ၀သအချက်အလက်များ အကျဉ်းချုပ်ကို အောက်ပါအတိုင်းဆန်းစစ် ဖော်ပြအပ်ပါသည်။

ဘင်္ဂလားပင်လယ်‌အော်အခြေအနေ

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာခဲ့ပါသည်။

မိုးရွာသွန်းမှုအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တို့တွင် မတ်လ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှ မိုးရေချိန်တို့ခန့်သာရှိခဲ့ပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် မတ်လ (ပထမ) ၁၀ ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့ထက်ပိုခဲ့၊

စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မတ်လ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့အောက်လျော့နည်းခဲ့ပါသည်။

မိုးရွာရက်များ

တနင်္သာရီတိုင်းဒေသကြီးတွင် (၂) ရက်ခန့် မိုးရွာသွန်းခဲ့ပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းခြင်းမရှိခဲ့ပါ။

အမြင့်ဆုံးအပူချိန်အခြေအနေ

မတ်လ (ပထမ) ဆယ်ရက်ပတ်အတွင်း (နေ့အပူချိန်) အခြေအနေများမှာ- စစ်ကိုင်းတိုင်းဒေ သကြီး(အထက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင်(၂)ဒီဂရီ ဖာရင်ဟိုက်မှ (၃) ဒီဂရီဖာရင်ဟိုက်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်(၄)ဒီဂရီဖာရင်ဟိုက်မှ (၅)ဒီဂရီဖာရင်ဟိုက်အထိနှင့် မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တို့တွင် (၆)ဒီဂရီဖာရင်ဟိုက်မှ (၇)ဒီဂရီဖာရင်ဟိုက်ထိ မတ်လ (ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်တို့ထက် ပိုခဲ့ပါသည်။

အနိမ့်ဆုံးအပူချိန်အခြေအနေ

မတ်လ (ပထမ) ဆယ်ရက်ပတ်အတွင်း(ညအပူချိန်) အခြေအနေများမှာ − ရန်ကုန်တိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မတ်လ(ပထမ)ဆယ်ရက်ပတ်၏ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့ခန့်သာခဲ့ပြီး၊ ကချင် ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်ခန့်စီ၊ တနင်္သာရီတိုင်းဒေသကြီးတွင် (၃)ဒီဂရီဖာရင် ဟိုက်ခန့်နှင့် ချင်းပြည်နယ်တွင်(၁၀)ဒီဂရီဖာရင်ဟိုက်ခန့် မတ်လ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံး အပူချိန် တို့အောက်လျော့နည်းခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက် ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ (၃)ဒီဂရီဖာရင်ဟိုက်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)တို့တွင် (၄)ဒီဂရီဖာရင်ဟိုက်မှ(၅)ဒီဂရီဖာရင် ဟိုက်အထိနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် (၇)ဒီဂရီဖာရင်ဟိုက်ခန့် မတ်လ(ပထမ)ဆယ်ရက်ပတ်၏ပျမ်းမျှ အနိမ့်ဆုံးအပူချိန်တို့ထက် ပိုခဲ့ပါသည်။

လေထုအတွင်းရေငွေ့ပါဝင်မှုအခြေအနေ

မတ်လ(ပထမ)ဆယ်ရက်ပတ်အတွင်း(လေထုစိုထိုင်းဆ) အခြေအနေများမှာ- မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်ကယားပြည်နယ်တို့တွင် (၅၃%)မှ (၅၉%) အကြား၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်(၆၃%)မှ(၇၀%) အကြား နှင့် စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေ သကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် (၇၂%)မှ (၈၃%)အကြား အသီးသီးရှိခဲ့ပါသည်။

ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ

မတ်လ(ပထမ)ဆယ်ရက်ပတ်အတွင်း (ပင်ငွေ့ရေငွေ့ပျံနှုန်း) အခြေအနေများမှာ- စစ်ကိုင်း တိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် (၄၀မီလီ မီတာ)မှ (၄၉-မီလီမီတာ)အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၅၂-မီလီမီတာ)မှ (၅၉-မီလီမီတာ)အတွင်းနှင့် မကွေးတိုင်းဒေသကြီးတွင် (၆၅-မီလီမီတာ) ခန့် အသီးသီးရှိခဲ့ပါသည်။

မြေဆီလွှာအောင်းရေအခြေအနေ

မတ်လ(ပထမ)ဆယ်ရက်ပတ်အတွင်း(မြေဆီလွှာစိုစွတ်မှု) အခြေအနေများမှာ- မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မြေဆီလွှာအောင်းရေအခြေအနေသည် (ခြောက်သွေ့)အခြေအနေတို့တွင် အသီးသီးရှိခဲ့ပါသည်။

မတ်လ(ဒုတိယ) ၁၀ ရက်ပတ်အတွက် စိုက်ပျိုးရေးဆိုင်ရာ မိုးလေ၀သ(ပျမ်းမျှ) အချက်အလက် ခန့်မှန်းချက်များ

The post စိုက်ပျိုးရေး မိုးလေ၀သဆိုင်ရာ အချက်အလက် ခန့်မှန်းချက်များ မိုးဇလထုတ်ပြန် appeared first on DVB.


ကွန်ဟိန်းတွင် လေပြင်းတိုက် မိုးသီးကြွေ၍ နေအိမ် ၁၀၀ ခန့် ပျက်စီး

$
0
0

 

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကွန်းဟိန်းမြို့နယ်ထဲမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်တဲ့အတွက် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအ၀င် အိမ်ခြေအလုံး ၁၀၀ လောက် ပျက်စီးပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

မတ် ၁၀ ရက် ညနေ ၅ နာရီလောက်က မိုးကြီးပြီး၊ မိုးသီးလည်းကြွေ၊ လေပြင်းတွေပါ တိုက်ခတ်လို့ ကွန်ဟိန်းမြို့ပေါ်ရပ်ကွက်တချို့၊ ကာလိမြို့နယ်ခွဲနဲ့ အနီးနား ၀န်းကျင် ကျေးရွာတ၀ိုက်က အိမ်ခြေ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း ခေါင်မိုးလန်ထွက်ကာ ထိခိုက်ဒဏ်ရာရသူပါရှိတယ်လို့ ကွန်ဟိန်းမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မဲဆန္ဒ နယ်မြေ (၁)  ပြည်န ယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“မိုးစပြီးရွာတာပေါ့ ညနေ ၅ နာရီလောက်မှာပေါ့။ ခဏနေတော့ လေပြင်းလည်းတိုက်၊ မိုးသီးတွေလည်း ကြွေတယ်။ မကြာပါဘူး၊ နာရီဝင်လောက်ကြာတော့ ငြိမ်သွားတယ်။ အပြ င်ထွက်ကြည့်တော့ အပျက်အစီးတော်တော်များပါတယ်ခင်ဗျ။  ကျနော်တို့ ကွန်ဟိန်းမြို့ပေါ်မှာဆို စာရင်းရထားသလောက်က ရပ်ကွက် ၁ ထဲမှာ နေအိမ် ၃ လုံး၊ ရပ်ကွက် ၁ မှာ ၃ လုံး၊ ရပ်ကွက် ၄ မှာ ၂၃ လုံး၊ ကာလိမြို့နယ်ခွဲမှာ ရပ်ကွက် ၁ က ၁၂ လုံး၊ ရပ်ကွက် ၄ မှာ ၃ လုံး၊ ရပ်ကွက် ၅ မှာ အလုံး ၂၀။ ကွန်ဟိန်း အထက ကျောင်းက ခေါင်မိုး အချပ် ၃၀ လွင့်သွားတယ်၊ အောင်မင်္ဂလာဘုန်းကြီးကျောင်း ခေါင်မိုးတွေလည်း လွင့်တယ်။ လိုင်းကမ်ကျေးရွာက မူလတန်း ကျောင်းနဲ့ ဘုန်းကြီးကျောင်းလည်း ပျက်စီးတယ်၊ စာရင်းကောက်လို့ မပြီးသေးပါဘူး။ ဝေးလံခေါင်ခိုက်တဲ့ ရွာတွေဘက်က စာရင်းမရသေးဘူး။ မြို့ပေါ်တချို့လည်း ရပ်ကွက်တော်တော်များ ကျန်သေးတယ်”

ဒါ့အပြင် အနီးနားဝန်းကျင်ရှိ လေဘေးသင့်ကျေးရွာ ၆ ရွာရှိပြီး ၀မ်ပန်မှာ နေအိမ် ၆ လုံး၊ ၀ိန်းလန်းမှာ ၅ လုံး၊ ပါလောင်းမှာ ၅ လုံး၊ ၀ိန်းလုံမှာ ၆ လုံး၊ လိုင်းကမ် မှာ ၁၂ လုံး၊ ၀မ်တာမှာ ၃ အိမ်၊ စုစုပေါင်း အိမ်ခြေ ၃၀ ကျော် ခေါင်မိုးလန်ပြီး တဲအိမ်တွေတော့ တအိမ်လုံး ပြိုသွားတာလည်းရှိတယ်လို့ သူကဆက်ပြောပါတယ်။

ကာလိမြို့နယ်ခွဲက အမျိုးသမီး ၂ ဦး စမ်းချောင်းမှာ ရေသွားချိုးစဉ် သစ်ကိုင်း ကျိုးကျကာ ခေါင်းကိုလာထိတဲ့အတွက် ၂ ဦးလုံး ဦးခေါင်းမှာ ဒဏ်ရာရပြီး ကွန်ဟိန်းဆေးရုံကို ပို့ဆောင်ပေးထားကြောင်း၊ တဦးမှာ ဒဏ်ရာအနည်းငယ်ပြင်းပေမယ့် သတိလစ်တာတော့ မရှိဘူးလို့ ဆိုပါတယ်။

မိုးသီးကြွေလို့ သီးနှံပျက်စီးတာတွေလည်း ရှိနိုင်ကြောင်း၊ လောလောဆယ် အပျက်အ စီးစာရင်း လက်လှမ်းမီသလောက် ကောက်ခံနေပြီး မြို့နယ်ထွေအုပ်ရုံးနဲ့ စာရင်းတိုက်ကာ ပြန်လည်ထူထောင်ပြုပြင်ရေး ထောက်ပံ့ငွေတွေရရှိဖို့ လွှတ်တော်ကိုရော၊ လူမှုဝန်ထမ်းကယ်ဆ ယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနကို တင်ပြသွားမယ်လို့ ဦးစိုင်းစံထွန်းက ပြောသွားပါတယ်။

The post ကွန်ဟိန်းတွင် လေပြင်းတိုက် မိုးသီးကြွေ၍ နေအိမ် ၁၀၀ ခန့် ပျက်စီး appeared first on DVB.

လပွတ္တာတွင် လေပြင်းကြောင့် စာသင်ကျောင်းနှင့်နေအိမ်အချို့ ပျက်စီး

$
0
0

 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် ရှော်ချောင်း ကျေးရွာအုပ်စုမှာ ၂၀၁၈ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ ညနေ ၅ နာရီကနေ ၅ နာရီခွဲထိ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ကျးရွာအုပ်စုအတွင်းရှိ ရေချိုကုန်းကျေးရွာ၊ ကွင်းသုံးဆင့်ကျေးရွာနဲ့ ချမ်းသာအေး (၁) ကျေးရွာတွေက စာသင်ကျောင်း ၂ ကျောင်း၊ လူနေအိမ် ၁၄ လုံး၊ ဆန်စက် ၁ လုံး၊ ကွမ်းခြံ ၁ ခြံ တို့ အမိုးလန်/ပြိုလဲပျက်စီးသွားတာကြောင့် ကျပ် ၄၅၈,၀၀၀ ဖိုးလောက် ပျက်ဆီးဆုံးရှုံးသွားပါတယ်။

လေပြင်းကြောင့် လူနဲ့ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ သိရကြောင်း ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

The post လပွတ္တာတွင် လေပြင်းကြောင့် စာသင်ကျောင်းနှင့်နေအိမ်အချို့ ပျက်စီး appeared first on DVB.

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိ

$
0
0

 

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း၊ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနဲ့ သီရိလင်္ကာကမ်းရိုးတန်းတောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည် ရှိနေတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

မတ် ၁၂ ရက် မနက်ပိုင်းအထိ ရှမ်းအရှေ့ပိုင်း၊ စစ်ကိုင်းအထက်ပိုင်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ရှမ်းမြောက်ပိုင်းနှင့်တောင်ပိုင်း၊ ကယား၊ ကရင်၊ မွန် စတဲ့ပြည်နယ်နဲ့တိုင်းဒေသကြီးတို့မှာ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမှာဖြစ်ပြီး ရွာရန် ၈၀ ရာခိုင်နှုန်းဖြစ်သည်ဟု ဖော်ပြထားပါတယ်။

The post ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိ appeared first on DVB.

မိုင်းရှူးတွင် မိုးသီးများ လမ်းလုံးပြည့် ရွာချ၊ နေအိမ်နှင့်ဖရဲခင်းများ ပျက်စီး (ရုပ်သံ)

$
0
0

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုင်းရှူးမြို့မှာ မနေ့က မိုးသီးတွေရွာလို့ အိမ်တွေထိခိုက်ပြီး ဖရဲခင်းတွေ ပျက်စီးကုန်တယ်လို့ လွှတ်တော်အမတ် နန်းကောင်ခမ်းက ပြောပါတယ်။

“နေ့လယ် ၂ နာရီ ၁၀ မိနစ်က စ ရွာတာ။ နာရီဝက် နီးနီးကြာတယ်။ အိမ်တော်တော်များများ သွပ်တွေ ပေါက်ကုန်တယ်။ ဈေးမှာလည်း အမိုးတွေ ပျက်တယ်။ ဒီနေ့ကတော့ အလုပ်တွေ ရှုပ်နေကြတာပေါ့။ သွပ်ပေါက်တာတွေ ပြန်ပြင်နေရတာလေ။ မြို့နားက ဖရဲခင်းတွေလည်း အကုန်ပျက်စီးကုန်တယ်။ တခြား အပင်တွေမှာလည်း အရွက်တွေ ကြွေကုန်တယ်။ မိုးသီးက တော်တော်ကြီးတယ်။”
မြို့နယ်ထဲမှာရှိတဲ့ ရွာတွေဘက်မှာတော့ မိုးသီးရွာတာ မရှိဘူးလို့လည်း သူက ပြောပါတယ်။ အခုလိုရွာတာဟာ ပထမဆုံး ကြုံဖူးတာဖြစ်ပြီး အရင်တုန်းက မဖြစ်ဖူးဘူးလို့လည်း သူက ပြောပါတယ်။
မတ်လ ၁၀ ရက် ညနေပိုင်းကလည်း ရှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်မှာ လေပြင်းတိုက်ပြီး မိုးသီးကြွေတာကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ အိမ်အလုံး ၅၀ ကျော် ပျက်စီးပြီး အမျိုးသမီး ၂ ယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။
(အိမ်ခေါင်ပျက်တဲ့ ဓာတ်ပုံ ထပ်တောင်းထား)

ရုပ်သံနှင့်ဓာတ်ပုံ – Ei Theint Theint Soe

The post မိုင်းရှူးတွင် မိုးသီးများ လမ်းလုံးပြည့် ရွာချ၊ နေအိမ်နှင့်ဖရဲခင်းများ ပျက်စီး (ရုပ်သံ) appeared first on DVB.

တာချီလိတ်ခရိုင်တွင် လေပြင်းတိုက်၊ နေအိမ်နှင့် အဆောက်အဦအချို့ ပျက်စီး

$
0
0

 

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် မုံးကိုးကျေးရွာအုပ်စုထဲမှာ ယမန်နေ့ညက လေပြင်း တိုက်ခတ်မှုဖြစ်ပွားပြီး ဘုန်းကြီးကျောင်း၊ စစ်တပ်အဆောက်အဦအပါအ၀င် နေအိမ်ပေါင်း ၄၀ ကျော် ခေါင်မိုးလန်ပျက်စီးသွားပါတယ်။

တာချီလိတ်မြို့ အရှေ့မြောက်ဘက် ၅ မိုင်လောက်အကွာ မိုင်းကိုးကျေးရွာအုပ်စုထဲမှာ မတ်လ ၁၁ ရက် ညကလေပြင်းတိုက်ခဲ့တာပါ။

မိုင်းကိုးအုပ်စုရှိ မယ်ဖုံးလုံ၊ မွန်းမွန်၊ မနော်၊ မိုင်းဟိ၊ ကျတဲတိုဘို စတဲ့ကျေးရွာက အိမ်ခေါင်မိုးတွေရော၊ ကျတဲတိုဘိုရွာ ဘုန်းကြီးကျောင်းနဲ့ မုံးကိုးအုပ်စုထဲက အစိုးရနယ်ခြားစောင့်တပ် မိသားစုအိမ်ယာတချို့ပါ ခေါင်မိုးလန်ထွက် ပျက်စီးသွားတယ်လို့  တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ကျ ရဲဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မတ်လ ၁၁ ရက် မနေ့ည ၈ နာရီခွဲလောက်မှာ လေပြင်းမုန်တိုင်းတိုက်တာပေါ့။ တိုက်တာတော့ မကြာပါဘူး။ ၁၅ မိနစ်လောက်ပါဘဲ၊ အပျက်အစီးကတော့ မုံးကိုးအုပ်စုထဲက မယ်ဖုံးလုံရွာမှာ အိမ်ခြေ ၆ လုံး အမိုးလန်သွားတယ်၊ နောက်တခါ မွန်းမွန်ရွာ အဲဒီမှာက နေအိမ် ၈ လုံး၊ မနော်ရွာမှာ ၂ လုံး၊ မိုင်းဟီးရွာမှာလည်း အိမ် ၂ လုံး အမိုးလန်တယ်၊ နောက်တခါ ကျတဲတိုဘို ဆိုတဲ့ရွာဆိုတာရှိတယ်။ အဲဒီရွာမှာက နေအိမ် ၂၂ လုံးနဲ့ ဘုန်းကြီးကျောင်းက ၁ ကျောင်း အမိုးလန်သွားတယ်။ ခေါင်မိုးတွေကလေတိုက်ပြီး သွပ်ပြားတွေ လွင့်ကုန်တာပေါ့။  နောက်ပြီး မုံးကိုးမှာရှိတဲ့ နယ်ခြားစောင့်တပ်က မိသားစုဝင်နေအိမ်တချို့လည်း ပျက်စီးတယ်ပြောတယ်။ ဒါပေမယ့် အဲဒါက တပ်ပိုင်းဆိုင်ရာဆိုတော့ ကျနော်တို့ ၀င်သွားပြီး စုံစမ်းလို့ မရဘူး ခင်ဗျ။”

ဒီနေ့မနက်ပိုင်းမှာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့၊ စစ်တပ်စတဲ့ အဖွဲ့ပေါင်းစုံက တာဝန်ရှိသူတွေဟာ လေဘေးသင့်ကျေးရွာတွေကို သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သလို အကူအညီပေးဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ တာချီလိတ်ရဲတပ်ဖွဲ့က ပြောသွားပါတယ်။

The post တာချီလိတ်ခရိုင်တွင် လေပြင်းတိုက်၊ နေအိမ်နှင့် အဆောက်အဦအချို့ ပျက်စီး appeared first on DVB.

အဓိကမြစ်ချောင်းများအပေါ်တည်ဆောက်မည့် အကြီးစားရေကာတာကို ရပ်တန့်ရန် တောင်းဆို

$
0
0

 

ပဋိပက္ခဖြစ်ပွားရာဒေသအတွင်းရှိ အဓိကမြစ်ချောင်းများနှင့် မြစ်လက်တက်များအပေါ် တည်ဆောက်မယ့် အကြီးစား ရေကာတာတွေကို ရပ်တန့်ပေးဖို့ မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာကွန်ရက်က တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ မတ် ၁၄ ရက်နေ့ဟာ နိုင်ငံတကာ မြစ်ချောင်းများဆိုင်ရာ လှုပ်ရှားမှုနေ့ဖြစ်ပြီး ဒီနေ့အထိမ်းအမှတ်နဲ့ မြန်မာနိုင်ငံဖြစ်ချောင်းများကွန်ရက်က အခုလိုတောင်းဆိုလိုက်တာပါ။

ဒါ့အပြင် သံလွင်မြစ်ကို လွတ်လပ်စွာ ဆင်းခွင့်ပေးဖို့နဲ့ သံလွင်မြစ်ပေါ်က ရေကာတာ တည်ဆောက်မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ မြစ်ချောင်းအရေး လှုပ်ရှားသူတွေနဲ့ ဒေသခံတွေ ပူးပေါင်းပြီး သံလွင်မြစ်ပေါ်မှာ ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံ စွမ်းအင်ပင်မအစီစဉ်အရ ရေကာတာ ၅၀ ကျော် တည်ဆောက်ဖို့ လျာထားပြီး အဓိက သံလွင်မြစ်နဲ့ ဧရာဝတီဖြစ်တို့ရဲ့ မြစ်လက်တက်တွေအပေါ်မှာ ဖြစ်ပါတယ်။  

အဆိုပါ ရေကာတတွေဟာ ရေအားလျှပ်စစ်ထုတ်လုပ်မှု ၃၀၀၀ ကနေ ၄၆၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်မှာဖြစ်ပြီး အစီအစဉ်မှာ ၂၀၃၀ အထိဖြစ်ပြီး ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အား အများစုကို တရုတ်၊ ထိုင်းနဲ့ တခြားနိုင်ငံကို ပို့ဆောင်ဖို့ ရှိနေတယ်လို့ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရေကာတာ ရင်နှီးမြှုပ်နှံမှုအစီအစဉ်ဟာ နိုင်ငံခြားတွဲဖက်စပ်လုပ်ငန်းတွေဖြစ်ပြီး အဆိုပါစီမံ ကိန်းတွေဟာ တိုင်းရင်းသားဒေသအတွင်း ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာဖြစ်တဲ့အပြင် အစိုးရတပ်ကလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်က စစ်တပ်အင်အား တိုးချဲထားတယ်လို့ ပြောပါတယ်။

ဒေသတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာရတာ၊ လူ့အခွင့်အရေးချိုး ဖောက်ခံရတာ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးတာနဲ့ အသက်မွေးဝမ်းကြောင်း ထိခိုက်တာတွေ ဖြစ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်စနစ်မရရှိသေးသမျှ ရေကာတာစီမံ ကိန်းတွေကို ရပ်တန့်ဖို့လည်း မြန်မာနိုင်ငံ မြစ်ချောင်းများကွန်ရက်က တောင်းဆိုထားပါတယ်။

The post အဓိကမြစ်ချောင်းများအပေါ်တည်ဆောက်မည့် အကြီးစားရေကာတာကို ရပ်တန့်ရန် တောင်းဆို appeared first on DVB.

နွေကာလ ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များ ကြိုတင်သတိပေး

$
0
0

နွေကာလမှာ ဖြစ်ပေါ်တတ်တဲ့ မိုးလေဝသဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ကြိုတင်သတိပေး နှိုးဆော်ချက်တရပ်ကို မိုးဇလက ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်လနှင့် ဧပြီလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်မှ မိုင် (၄၀) အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ နွေကာလဖြစ်တဲ့ မတ်လနဲ့ ဧပြီလတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသဖြစ်စဉ်တွေကို အထူးဂရုပြု နေထိုင်သွားကြဖို့ သတိပေးထားပါတယ်။

The post နွေကာလ ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များ ကြိုတင်သတိပေး appeared first on DVB.


လေပွေလှိုင်းများကြောင့် ပြည်နယ်တိုင်း ၉ ခုတွင် မိုးရွာနိုင်

$
0
0

လေပွေလှိုင်းများ အရှိန်ကြောင့် ပြည်နယ်တိုင်း ၉ ခုမှာ အချိန်အခါမဟုတ် မိုးများ ရွာသွန်းနိုင်တယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ထူးခြားမိုးလေဝသခန့်မှန်းချက်အနေနဲ့ မတ် ၁၅ ရက်မှာ ထုတ်ပြန်ချက်အရ အနောက်ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းများ အရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေး၊ မကွေး၊ တနင်္သာရီနဲ့ ရခိုင်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် မတ်လနဲ့ ဧပြီလအတွင်း ဖြစ်ပွားနိုင်တဲ့ မိုးလေဝသ ဖြစ်စဉ်တွေကို သတိထားကြဖို့လည်း မိုးလေဝသဌာနက သတိပေးထားပါသေးတယ်။

မြန်မာနိုင်ငံအရပ်ရပ်မှာ နွေကာလဖြစ်တဲ့ မတ်လနဲ့ ဧပြီလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာရာကနေ အပူပျံတက်တိမ်များ ဖြစ်ထွန်းပြီး မွန်းလွဲ၊ ညနေပိုင်းတို့မှာ မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်တယ်။

အဲဒီ  မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတလျှောက်မှာ  လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနဲအတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စတဲ့  မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်တယ်။

လေပြင်းတိုက်ခတ်စဉ် မြေပြင် ရေပြင် လေဟာ တနာရီလျှင် ၃၅ မိုင်ကနေ  မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ မိုးဇလသတင်းမှာ ဖော်ပြထားပါတယ်။

The post လေပွေလှိုင်းများကြောင့် ပြည်နယ်တိုင်း ၉ ခုတွင် မိုးရွာနိုင် appeared first on DVB.

မျိုးသုဉ်းလုနီး ဖြစ်နေသည့် ရှားပါး မြန်​မာ့ကြယ်​လိပ်​များ ​ရေရှည်​ထိန်းသိမ်းနိုင်​ရန်​​ အခက်ကြုံ

$
0
0

မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံခရိုင်​ နွားထိုးကြီးမြို့နယ်​ရှိ မင်းစုံ​တောင်​ ​တောရိုင်းတိရစ္ဆာန် ​​ဘေးမဲ့​တောမှာရှိတဲ့ မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ ရှားပါး မြန်​မာ့ကြယ်​လိပ်​တွေကို ​ရေရှည်​ ထိန်းသိမ်း​မွေးမြူဖို့​အတွက်​ လျှပ်စစ်မီး မရှိတာကြောင့် အခက်ခဲကြုံနေရပါတယ်။

ကြယ်​လိပ်​တွေဟာ ပူပြင်းတဲ့ရာသီဥတုကို ကြိုက်နှစ်သက်ပြီး​​​ ပုံမှန်​ သား​ပေါက်​ချိန်​ဟာ ၃ လမှ ၈ လအတွင်း အချိန်​ ကြာမြင့်​ပြီး လိပ်​အ​ကောင်​​ရေ များများရရှိဖို့​အတွက်​ဆိုရင်​ လျှပ်​စစ်​မီးကို အသုံးပြုပြီး သား​ဖောက်​တာတွေေ​ဆာင်​ရွက်​ရတယ်​လို့ မင်းစုံ​တောင်​ ​တောရိုင်းတိရစ္ဆာန် ​​ဘေးမဲ့​တော အုပ်​ချုပ်​​ရေးမှူးရုံးမှ တာဝန်​ရှိသူတ​ဦးက ပြောပါတယ်​။

“အဓိက အခက်​အခဲက​တော့ မြန်​မာ့ဂုဏ်​​ဆောင်​ဖြစ်​တဲ့ မြန်​မာ့ကြယ်​လိပ်​​တွေရှိတဲ့​နေရာမှာ လျှပ်​စစ်​မီး မရှိပါဘူး၊ လက်​ရှိက​တော့ ဆိုလာပြားနဲ့ မီးလင်း​အောင်​ ဖန်​တီးထားပါတယ်​။ ကြယ်​လိပ်​ထိန်းသိမ်းရန် လုံခြုံ​ရေးအတွက်​ လျှပ်​စစ်​မီးလိုပါတယ်​။ ပြီး​တော့ နိုင်​ငံ​တောက ချ​ပေးတဲ့ ကြယ်​လိပ်​အစာဖိုးက တကောင်​အတွက်​ ၁၀ ကျပ်​ပဲ ချ​ပေးထားပါတယ်​။ လက်​ရှိကုန်​​ဈေးနှုန်းနဲ့က ဘယ်​လိုမှ မဖြစ်​နိုင်​​တော့ပါဘူး။ ​နောက်​ပြီး ဝန်​ထမ်းအင်​အား လိုအပ်​ပါတယ်​။ ဒီမှာ ဝန်​ထမ်းအင်​အား ၁၅ ဦးထဲ ရှိ​နေတာမို့ လုံခြုံ​ရေးအတွက်​ပါ အခက်​အခဲ​တွေ ရှိနေပါတယ်​” လို့ သူက ​ပြောဆိုပါတယ်​။

မင်းစုံ​တောင် ​​ဘေးမဲ့​တောမှာ အဓိကလုပ်​ငန်း ၄ ခု ဖြစ်​တဲ့ ​ကျေးလက်​ထိန်းသိမ်းခြင်း၊ ကြယ်​လိပ် ​​မွေးမြူထိန်းသိမ်းခြင်း၊ ပညာ​ပေးလုပ်​ငန်းတွေ ​ဆောင်​ရွက်​ခြင်းနဲ့ အပူပိုင်း​ဒေသ ဖြစ်​တဲ့အတွက်​ ​ခြောက်​​သွေ့တဲ့​ နွေရာသီမှာ သဘာဝမီး​ဘေးအန္တရာယ် ​ကာကွယ်ရန်​​တို့ ပါဝင်​ပြီး သဘာဝကိုအ​ခြေခံတဲ့ ခရီးသွားလုပ်​ငန်း​တွေကို အ​ထောက်​အကူပြုနိုင်​ဖို့တို့ ပါဝင်​ပါတယ်​။

“အဓိက​တော့ အပူပိုင်း​ဂေဟစနစ်​ကို ထိန်းသိမ်းခြင်း၊ အပူပိုင်း​ဒေသ အမြဲတမ်း စိမ်းလန်းစို​ပြည်​ရေးနဲ့ ​တောရိုင်းတိရစ္ဆာန်​​တွေကို ထိန်းသိမ်းကာကွယ်​​ရေး ပါဝင်​ပါတယ်​။ ဒီမှာက သား​ကောင်​အ​နေနဲ့ မြန်​မာ့ကြယ်​လိပ်​ကို အဓိကထားပြီး ထိန်းသိမ်းပါတယ်​။ မြန်​မာပြည်​မှာ လိပ်​မျိုး​ပေါင်း ၃၁ မျိုးရှိ​ပါတယ်​။ ကြယ်​လိပ်​​တွေကို ခြံ​လှောင်​​မွေးမြူခြင်းနဲ့ သဘာဝ​တောထဲ ​ဘေးမဲ့ လွှတ်​​ပေးခြင်း စတာ​တွေ ရှိပါတယ်​။ ခြံ​လှောင်​​မွေးမြူခြင်းက​နေ ၂၀၁၃ ခုနှစ်​မှ စပြီး သဘာဝ​တောတွင်း ​ဘေးမဲ့အဖြစ်​ ကြယ်​လိပ်​များကို လွှတ်​​ပေးခဲ့တယ်​” လို့ တာဝန်ရှိသူကဒီဗွီဘီ ကို​ပြောပါတယ်​။

မင်းစုံ​တောင်​ ​တောရိုင်းတိရစ္ဆာန်​​ဘေးမဲ့​တောမှာ ဧရိယာအကျယ်​အဝန်း ၅၅၇၅ ဧက ရှိပြီး မြန်​မာ့ကြယ်​လိပ်​ကို ၁၉၉၉ ခုနှစ်​မှ ကြယ်​လိပ်​ အထီး ၆ ​ကောင်​ အမ ၆ ​ကောင်​ စတင်​​မွေးမြူခဲ့ကာ  ၁၈ နှစ်​တာ ကာလအတွင်းမှာ ခြံ​လှောင်​​မွေးမြူထားတဲ့ ကြယ်​လိပ်​အ​ကောင်​​ရေ ၂၅၁၅ ​ကောင်​ရှိပြီ ဖြစ်ပါတယ်။

သဘာဝ​တောအတွင်း အ​ကောင်​​ရေ ၁၀၅၀ ကို လွှတ်​​ပေးခဲ့ပြီးဖြစ်​ကာ  မြန်​မာ့ကြယ်​လိပ်​ကို မင်းစုံ​တောင်​​ ဘေးမဲ့​တောနဲ့ မ​ကွေးတိုင်း​ဒေသကြီးမှာရှိတဲ့ ​ရွှေစက်​​တော်​​ ဘေးမဲ့​​တော​တွေမှာ မြင်​​တွေ့နိုင်​တယ်​လို့ သိရပါတယ်​။

သတင်း – ရီရီထွန်း (မြင်းခြံ)

The post မျိုးသုဉ်းလုနီး ဖြစ်နေသည့် ရှားပါး မြန်​မာ့ကြယ်​လိပ်​များ ​ရေရှည်​ထိန်းသိမ်းနိုင်​ရန်​​ အခက်ကြုံ appeared first on DVB.

ပြည်နယ်နှင့်တိုင်း ၉ ခုတွင် မိုးရွာမည်

$
0
0

နေပြည်တော်အပါဝင် ပြည်နယ်နဲ့တိုင်း ၉ ခုမှာ မိုးရွာသွန်းမယ်လို့  မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မတ် ၁၆ ရက် ၇ နာရီက ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ ဆိုပါတယ်။

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၃ ပေမှ ၅ ပေလောက်ထိ မြင့်တက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

လာမယ့် ၂ ရက်အတွင်းမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ မိုးဆက်လက်ထစ်ချုန်းရွာမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီနေ့ မွန်းတည့်ချိန်အထိ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်၊ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ရှိတယ်လို့ဆိုပါတယ်။

The post ပြည်နယ်နှင့်တိုင်း ၉ ခုတွင် မိုးရွာမည် appeared first on DVB.

ဖြူးမြို့အနီး ရစ်(ခ်)တာစကေး ၅ ဒသမ ၃ အင်အားအသင့်အတင့်ရှိမြေငလျင်လှုပ်

$
0
0

မြန်မာနိုင်ငံပြည်တွင်း ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ရဲ့ အနောက်တောင်ဘက် ၂၆ မိုင်ခန့်အကွာမှာ ဒီမနက် အစောပိုင်းက အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၃ အဆင့်ရှိ အင်အား အသင့်အတင့်ရှိမြေငလျင် လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

ဒီမနက် မြန်မာစံတော်ချိန် ၂ နာရီ၊ ၂၉ မိနစ်၊ ၀၅ စက္ကန့် အချိန် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် ၉၈ မိုင်ခန့် ကွာဝေးတဲ့ နေရာမှာ လှုပ်ခတ်သွား တာဖြစ်ပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မကြားသိရသေးပါဘူး။

The post ဖြူးမြို့အနီး ရစ်(ခ်)တာစကေး ၅ ဒသမ ၃ အင်အားအသင့်အတင့်ရှိမြေငလျင်လှုပ် appeared first on DVB.

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စက်ဘီးစီးလှုပ်ရှားမှုပြုလုပ်

$
0
0

 

မွန်ပြည်နယ်၊ ရေးမြို့က စက်ဘီးသမားတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စက်ဘီးယဉ်ကျေးမှုပြန်လည်ပေါ်ထွန်းလာရေးအတွက် အပတ်စဉ် စက်ဘီးစီးနင်းတဲ့ လှုပ်ရှားမှု ပြုလုပ်နေပါတယ်။

ရေးမြို့နယ်အတွင်းရှိ သဘာဝတောတောင်တွေ၊ မြို့အတွင်းနဲ့ ကျေးလက်ဒေသတွေကို စက်ဘီးတွေနဲ့သွားရောက်ကာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပြီး သဘာဝပတ်ဝန်းကျင်အရေး စကားဝိုင်းဆွေးနွေးပွဲတွေကိုပါ ပြုလုပ်နေတယ်လို့ ဦးဆောင်သူ ကိုဘုန်းမြတ်ဟန်က ပြောပါတယ်။

Green Bike အဖွဲ့ဝင်တစ်ဦးဖြစ်သလို သဘာဝပတ်ဝန်းကျင်အရေး မြန်မာနိုင်ငံအနှံ့ မိုင်ပေါင်း ၃၀၀၀ ခန့် စက်ဘီးနင်းခဲ့တဲ့ ကိုဘုန်းမြတ်ဟန်က ”စစ်တမ်းတစ်ခုအရ ဘန်ကောက်မှာဆိုရင် လူတစ်ယောက်ဟာ တစ်နှစ်အတွင်း ၄၄ ရက်စာလောက် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ကားပေါ်မှာ အချိန်ကုန်နေရတယ်။ မြို့ပြတွေမှာ စက်ဘီးက ကားတွေထက် ပိုမြန်တယ်။ စက်ဘီးအသုံးပြုလိုက်တဲ့အခါ အလုပ်ကို အချိန်မီရောက်ရှိနိုင်တယ်။ သဘာဝ ပတ်ဝန်းကျင်ရှုထောင့်အနေနဲ့ဆိုရင် ရေနံသုံးစွဲမှုကိုလျှော့ချ နိုင်ပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကိုလည်း ထိန်းချုပ်နိုင်မယ်။” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြို့နယ်အတွင်း အခုကဲ့သို့ လှုပ်ရှားမှု ဆောင်ရွက်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ ပိုမိုစိတ်ဝင်စားမှုများပြားလာပြီး စက်ဘီးစီးနင်းသူလည်း ပိုများပြားလာတယ်လို့ သိရပါတယ်။

“စက်ဘီးနဲ့ခရီးထွက်တဲ့အခါ လူအသစ်၊ ပတ်ဝန်းကျင်အသစ်နဲ့ တွေ့ရတယ်။ ကားတွေ၊ လေယာဉ်တွေနဲ့ ခရီးထွက်တာထက် စက်ဘီးနဲ့ ခရီးထွက်တာက လူတွေနဲ့ ပိုပြီးတော့ ထိတွေ့မှု ရှိတယ်။ လူမျိုးစုံ၊ ယဉ်ကျေးမှုမျိုးစုံနဲ့ ထိတွေ့ရတော့ မတူကွဲပြားမှုကို နားလည်လက်ခံလာနိုင်မယ်။ ” လို့ ကိုဘုန်းမြတ်ဟန်က စက်ဘီးစီးကြဖို့ တိုက်တွန်းပြောပါတယ်။  

သူ့အနေနဲ့ ပြီးခဲ့တဲ့နှစ်က မြစ်ဆုံရေကာတာစီမံကိန်းကန့်ကွက်မှုအနေနဲ့ ဧရာဝတီ မြစ်ညာဒေသ ပူတာအိုကနေ ရန်ကုန်အထိ မိုင်ပေါင်း ၁၀၄၄ စီးနင်းခဲ့ပါတယ်။

လာမယ့်ဧပြီလမှာလည်း  တကိုယ်တော် စက်ဘီး စီးနင်းမှုအဖြစ် ရေးမြို့မှ ရှမ်းပြည်နယ်အရှေ့ပိုင်း ရွှေတြိဂံဒေသအထိ သွားရောက်ကာ လမ်းတလျှောက် ဒေသခံတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့တွေ့ဆုံက သဘာဝပတ်ဝန်းကျင်နဲ့သက်ဆိုင်တဲ့ စကားဝိုင်း ဆွေးနွေးပွဲတွေကို ဆောင်ရွက်ဖို့ရှိပါတယ်။

သတင်း – ၀င်းနိုင်သက်၊ ဓာတ်ပုံ – တေဇာအောင်

The post သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စက်ဘီးစီးလှုပ်ရှားမှုပြုလုပ် appeared first on DVB.
