အမေရိကန်နိုင်ငံ တောင်နဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်တွေကို ဟာရီကိန်း ဖလောရင့်စ် ဝင်ရောက်တိုက်ခတ်အပြီး စက်တင်ဘာ ၁၇ ရက်က ရာနဲ့ချီတဲ့ ရေဘေးသင့်ပြည်သူတွေဆီ ကယ်ဆယ်ရေးသမားတွေ ရောက်အောင် ကြိုးစားနေကြပါတယ်။
မုန်တိုင်းကြောင့် စံချိန်တင် မိုးရွာခဲ့အပြီး မြစ်ရေတက်ခဲ့တာကြောင့် ရေလွှမ်းမိုးမှုတွေ ရက်နဲ့ချီ ဆက်ကြာနေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းကြောင့် လူ ၃၁ ဦးထက်မနည်း သေဆုံးခဲ့ပြီးပါပြီ။ မုန်တိုင်းအကြွင်းအကျန်တွေက အမေရိကန် အရှေ့မြောက်ပိုင်းကို ဆက်လက်တိုက်ခတ်နေပါတယ်။
ဒေသခံတွေကတော့ လျှပ်စစ်ဓာတ်အား ပြတ်တောက်တာ၊ လမ်းတွေသွားမရ ဖြစ်တာအပြင် ရေလွှမ်းဧရိယာမှာ မိလ္လာရေဆိုးတွေ ယိုစိမ့်တာကို ရင်ဆိုင်နေရပါတယ်။
မြောက်ကယ်ရိုလိုင်းနားမှာ လမ်းပေါင်း ၁၅၀၀ ကျော်ကို ပိတ်ထားရပြီး မီးသတ်နဲ့ ကယ်ဆယ်ရေး လုပ်သားတွေက အဆောက်အဦပျက်တွေရှိရာ ဧရိယာ အများအပြားထဲ ဝင်ကူဖို့ စောင့်နေကြပါတယ်။
လူအယောက် ၂၆၀၀ ကို တိရစ္ဆာန်အကောင်ရေ ၃၀၀ နဲ့အတူ ကယ်ခဲ့ပြီးပြီလို့ မြောက်ကယ်ရိုလိုင်းနား အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေပြီး လူအယောက် တသောင်းလေးထောင် ခိုလှုံရေးစခန်းတွေမှာ ရောက်နေပြီလို့ အရာရှိတွေက ပြောပါတယ်။
မုန်တိုင်းကြောင့် ပျက်စီးမှုတန်ဖိုး အနည်းဆုံးအနေနဲ့ အမေရိကန်ဒေါ်လာ ၂၂ ဘီလျံထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။