မြစ်ဆုံစီမံကိန်းကို တည်ဆောက်မယ်ဆိုတဲ့ အသံတွေ ပြန်လည်ထွက်ပေါ်လာနေတဲ့ အတွက် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ မြစ်ဆုံစီမံကိန်း ကန့်ကွက်ဆန္ဒပြပွဲကို ဇန်န၀ါရီ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ကချင်ပြည်နယ်မှာ တည်ဆောက်မယ့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဟာ အရင် အစိုးရလက်ထက်ကတည်းက ရပ်တန့်ထားတဲ့စီမံကိန်းဖြစ်ပါတယ်။
ဒါပေမယ့် တရုတ်သံအမတ်ဟာ ကချင်ပြည်နယ်ကို ပြီးခဲ့တဲ့လက သွားရောက်ခဲ့ပြီး ကချင်ဒေသခံတွေအနေနဲ့ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ခြင်းမရှိဘူးလို့ ခရီးစဉ်အပြီးမှာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့လို့ ဒီစီမံကိန်း ပြန်စမှာကို စိုးရိမ်ပြီး နယ်ပယ်စုံက ပညာရှင်တွေနဲ့ ပြည်သူတွေအကြား ကန့်ကွက် မှုတွေ မြင့်တက်လာနေတာပါ။
အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး တိတိကျကျဆုံးဖြတ်ချက် ထုတ်ပြန်တာမျိုးမရှိတာကြောင့်လည်း ပြည်သူတွေအနေနဲ့ စိတ်ပူပန်မှုတွေရှိနေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပွင်းလင်းမြင်သာမှုရှိဖို့ လိုတယ်လို့ အန်အယ်လ်ဒီ အစိုးရအဖြစ် တာဝန်မယူခင်ကပြောကြားခဲ့ဖူးပေမယ့် ခုချိန်အထိ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ချပြခဲ့တာ မရှိသေးပါဘူး။
မြစ်ဆုံစီမံကိန်း ရပ်တန်ဖို့ ပထမဆုံးလွှတ်တော်မှာတင်ပြခဲ့တဲ့ လွှတ်တော်အမတ်တွေကို စီမံကိန်းတာဝန်ယူထားတဲ့ CPI ကုမ္ပဏီက လာဘ်ငွေပေးခဲ့ပေမယ့် မယူခဲ့ဘူးလို့ ကာယကံရှင် လွှတ်တော်အမတ် ဦးဂျေယောဝူက ဇန်န၀ါရီ ၂၆ ရက် ရန်ကုန်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
သတင်း – လွင်မှိုင်း၊ ပြည့်ဖြိုးကျော်