ဆိုမာလီယာနိုင်ငံမှာ မိုးသည်းထန်ပြီး ရေကြီးတာကြောင့် လူ ၁၀ ယောက်ထက်မနည်း သေဆုံးပြီး ၂၇၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂက နိုဝင်ဘာလ ၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။
နိုင်ငံအလယ်ပိုင်း ဘလက်ဝိန်းမြို့မှာ မြစ်ရေလျှံခဲ့ပြီး ကယ်ဆယ်ရေးလုပ်နေတဲ့ လှေမှောက်ခဲ့တာကြောင့် လူ ၁၀ ယောက် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ရေကြီးတာကြောင့် အခြေခံ အဆောက်အုံနဲ့ သက်မွေးလုပ်ငန်းတွေ ထိခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
ပစိဖိတ်သမုဒ္ဒရာ အယ်နီညိုဖြစ်စဉ်နဲ့ အလားတူတဲ့ အိန္ဒိသမုဒ္ဒရာ ဒစ်ပိုးလ် ရာသီဥတု ဖြစ်စဉ်ဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း အားအကောင်းဆုံး ဖြစ်နေပါတယ်။ လာမယ့်သီတင်းပတ်မှာ ဝင်မယ့် အပူပိုင်းမုန်တိုင်းကြောင့် ဆိုမာလီယာမှာ ရေကြီးတာတွေ ပိုမိုဆိုးရွားဖွယ် ရှိပါတယ်။
မိုးလေဝသဌာနက ဒီနှစ်ကုန်အထိ မိုးဆက်လက်ကြီးနေမယ်လို့ ခန့်မှန်းထားပြီး ရေကြောင့်ဖြစ်တဲ့ ရောဂါတွေနဲ့ လူအများအပြား နေရပ်စွန့်ခွာရနိုင်တယ်လို့ လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေက သတိပေးထားပါတယ်။
The post ဆိုမာလီယာတွင် မိုးသည်းထန် ရေကြီးမှုကြောင့် ၁၀ ဦးသေဆုံး၊ လူ ၂၇၀၀၀၀ ကျော် နေရပ်စွန့်ခွာ appeared first on DVB.