တူရကီနိုင်ငံအရှေ့ပိုင်းမှာ ဖေဖော်ဝါရီ ၅ ရက်က နှင်းတောင်ပြိုကျခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ ကယ်ဆယ်ရေး လုပ်သားတွေ ပျောက်ဆုံးနေပါတယ်။
ကယ်ဆယ်ရေးလုပ်သားတွေဟာ ပထမတခေါက် နှင်းတောင်ပြိုမှုမှာ ပျောက်ဆုံးနေသူ နှစ်ယောက်ကို သွားရှာဖွေရင်း နှင်းတောင်ပြိုကျတာနဲ့ ထပ်မံကြုံခဲ့တာပါ။
ပထမပြိုကျရာမှာ နှင်းရှင်းတဲ့ယာဉ်တစီးနဲ့ မီနီဘတ်စ်တစီးနှင်းတွေ ဖုံးသွားခဲ့ပြီး လူ ၅ ယောက်သေဆုံးကာ ၂ ယောက် ပျောက်ဆုံးခဲ့ပါတယ်။
နှင်းတောင်ပြိုကျရာကနေ နှင်းရှင်းယာဉ်မောင်းသူနဲ့ဘတ်စ်ကားပေါ်က ခရီးသည် ၇ ယောက် လွတ်မြောက်ခဲ့ပါတယ်။
နှင်းရှင်းယာဉ်မောင်းသူဟာ ဆီးနှင်းတွေအောက် ၂၅ မိနစ်ကြာ ပိတ်မိနေခဲ့ပြီး အဲဒီနောက် မှန်ကိုခွဲကာ လွတ်မြောက်ခဲ့တယ်လို့ နိုင်ငံပိုင် အနာဒိုလူသတင်းဌာနက ဖော်ပြပါတယ်။
ပျောက်ဆုံးသူနှစ်ယောက်ကို ကယ်ဆယ်ရေးသမား အယောက် ၃၀၀ ခန့် ရှာဖွေနေချိန်မှာ ဒုတိယအကြိမ် နှင်းတောင်ပြိုကျပါတယ်။
အဲဒီအတွက် ရှာဖွေရေးလုပ်နေတဲ့ ကယ်ဆယ်ရေးသမားတွေ ပျောက်ဆုံးပြီး သူတို့ထဲက ၂၅ ယောက်ကို ကယ်ဆယ်ကာ ဆေးရုံတင်ပို့ခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အဲဒီကယ်ဆယ်ရေးသမားတွေရဲ့ အခြေအနေကို မသိရသေးဘဲ နောက်ထပ်ကယ်ဆယ်ရေးသမား ဒါဇင်ချီ ပျောက်ဆုံးနေတယ်လို့ အနာဒိုလူသတင်းဌာနမှာ ဖော်ပြပါတယ်။
The post တူရကီတွင် နှင်းတောင်ပြို၍ ကယ်ဆယ်ရေးလုပ်သား ဒါဇင်ချီပျောက်ဆုံး appeared first on DVB.