နော်ဝေနိုင်ငံ မြောက်ပိုင်းမှာ ဇွန် ၃ ရက်က မြေပြိုမှုကြောင့် နေအိမ်အများအပြား ပင်လယ်ထဲ မျောပါခဲ့ပါတယ်။
ဖီမာ့ဒေသက အော်တမြို့မှာ မီတာ ၈၀၀ ခန့် ရှည်လျားတဲ့ မြေပြိုမှုကြီး ဖြစ်ခဲ့ပြီး နေအိမ် ၈ လုံးနဲ့ ယာဉ် ၁ စီး ပင်လယ်ထဲ ကျသွားခဲ့ပေမယ့် လူတွေတော့ ဒဏ်ရာရတာ မရှိပါဘူး။
မြေဧရိယာအကျယ်ကြီး တဖြည်းဖြည်း ပဲ့ထွက်ကာ ရေထဲ ကျသွားတဲ့ စိတ်လှုပ်ရှားဖွယ် မြင်ကွင်းကို အော်တမြို့ခံတဦးက မှတ်တမ်းတင်ခဲ့ပါတယ်။
ပြိုကျခဲ့တဲ့ မြေဧရိယာ တခြားအစိတ်အပိုင်းတွေက အနီးဝန်းကျင်မှာ ဆက်ပြိုကျနေတာကြောင့် နေအိမ်နဲ့ အမှိုက်သရိုက်တွေဟာလည်း ရေပေါ် ပေါလောပေါ်နေပါတယ်။
မြေပြိုကျမှုကနေ လူတစ်ယောက်ကို ဘေးလွတ်ရာ ပြောင်းခဲ့ပြီး ပင်လယ်ထဲ မျောပါသွားတဲ့ ခွေးတစ်ကောင်ဟာလည်း ရေကူးပြီး ကုန်းပေါ် ပြန်တက်လာခဲ့တယ်လို့ ဒေသမီဒီယာက အစီရင်ခံပါတယ်။
မြေပြိုရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ နောက်ထပ် မြေပြိုမှုတွေ ဖြစ်မလားဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်း ကြန့်ကြာနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
The post နော်ဝေနိုင်ငံတွင် မြေပြိုမှုကြောင့် နေအိမ် ၈ လုံး ပင်လယ်ထဲ မျောပါ appeared first on DVB.