သြစတြေးလျ သုတေသီတွေရဲ့ ဒရုန်းယာဉ်နဲ့ ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ နိုင်ငံ အရှေ့မြောက်ပိုင်းက ဂရိတ်ဘယ်ရီယာရိဖှ် သန္တာကျောက်တန်းကြီးအနားကကျွန်းမှာ လာပြီး အသိုက်လုပ်နေကြတဲ့ ထောင်သောင်းချီနေတဲ့ ပင်လယ်လိပ်တွေရဲ့ ရုပ်ပုံကို တွေ့ရပါတယ်။
ဒရုန်းနည်းပညာဟာ ပင်လယ်လိပ်တွေ နားခိုရာ ကမ္ဘာ့အကြီးဆုံး ရိုင်နေကျွန်းက လိပ်သိုက် အရေအတွက်ကို ပိုတိတိကျကျ စစ်တမ်းကောက်နိုင်အောင် သူတို့ကို ကူညီတယ်လို့ ကွင်းစလန် တက္ကသိုလ် သဘာဝပတ်ဝန်းကျင်နဲ့သိပ္ပံဌာနက သုတေသီတွေက ဇွန် ၉ ရက်မှာ ပြောပါတယ်။
၂၀၁၉ ဒီဇင်ဘာမှာ မျိုးသုဉ်းမယ့်ဘေးကို ရင်ဆိုင်နေရတဲ့ ပင်လယ်လိပ်တွေ ကောင်ရေ ၆၄,၀၀၀ လောက် ရိုင်နေးကမ်းခြေမှာ အသိုက်လုပ်ဖို့ လာနေတာကို သုတေသီတွေ လွှင့်တင်ထားတဲ့ ဒရုန်းယာဉ်က ရိုက်ကူးနိုင်ခဲ့ပါတယ်။
အရင်တုန်းက သုတေသီတွေဟာ အဆိပ်မသင့်တဲ့ ဆေးဖြူနဲ့ လိပ်ခွံမှာ ရေးမှတ်ပြီး လှေငယ်ပေါ်ကနေ လိပ်ကောင်ရေကို ရေတွက်ခဲ့တာပါ။ အခုတော့ မြင်နိုင်စွမ်းကြောင့် အဲဒီရေတွက်နည်းက မတိကျဘူးဆိုတာ သိရပြီလို့ သုတေသီတွေက မီဒီယာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဧရိယာစတုရန်းမိုင် ၁၃၄,၀၀၀ ကျယ်တဲ့ သန္တာကျောက်တန်းကြီးကို ကမ္ဘာ့အမွေအနှစ်အဖြစ် ၁၉၈၁ ခုနှစ်က သတ်မှတ်ခဲ့တာပါ။
ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ အခမ်းနားဆုံး သန္တာကျောက်တန်း ဂေဟစနစ်ရှိရာ နေရာအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။
The post သြစတြေးလျ သန္တာကျောက်တန်းအနီး ရိုင်နေကျွန်းပေါ်တွင် ပင်လယ်လိပ်များတွေ့ရှိ appeared first on DVB.