ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကျူရှူးကျွန်းမှာ မိုးကြီးပြီး ရေကြီး မြေပြိုတာတွေကြောင့် ဇူလိုင် ၈ ရက်အထိ သေဆုံးသူ ၆၀ လောက်ရှိပြီလို့ သိရပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလဖြစ်တာမို့ ရေဘေးသင့်ခိုလှုံရေးစခန်းတွေမှာလည်း ကြိုတင် ကာကွယ်ရေးအစီအမံတွေကို ချမှတ်ထားပါတယ်။
ယာဆူရှီယိုမြို့က အားကစားခန်းမထဲမှာ ရေဘေးသင့်ပြည်သူတွေဟာ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာ အနေအထားနဲ့ ကတ်ထူပြား အကန့်တွေထဲ နေကြသလို သူတို့အားလုံးဟာ မနက်တိုင်း အပူချိန်တိုင်းရပါတယ်။
ဒါ့အပြင် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးမှာ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အစီအမံတွေ ထည့်သွင်းဖို့ကိုလည်း ဂျပန်အာဏာပိုင်တွေက ဒေသတာဝန်ရှိသူတွေကို လနဲ့ချီ သတိပေးနေပါတယ်။
ဇူလိုင် ၇ ရက်က မြို့တော် တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် အသစ် ကူးစက်သူ ၁၀၆ ယောက် တွေ့တယ်လို့ ဂျပန်တိုင်းမ်စ် ဝက်ဘ်ဆိုက်အရ သိရပါတယ်။
The post ဂျပန်နိုင်ငံ ကျူရှူးကျွန်းတွင် ရေကြီး မြေပြိုမှုကြောင့် သေဆုံးသူ ၆၀ ခန့်ရှိလာ appeared first on DVB.