ဂျပန်ကုန်တင်သင်္ဘောကြီးတစီးကနေ ယိုဖိတ်ခဲ့တဲ့ လောင်စာတွေက မောရစ်ရှနိုင်ငံရဲ့ သန္တာကျောက်တန်း ပတ်လည်မှာ လွန်ခဲ့တဲ့ ၂ ပတ်က ပျံ့နှံ့လာခဲ့လို့ ဂေဟစနစ်အတွက် ကပ်ဘေးကို ဖန်တီးနေတယ်လို့ အရာရှိတွေနဲ့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေက ဝေဖန်လိုက်ပါတယ်။
လောင်စာဆီ ယိုဖိတ်မှုဟာ အိန္ဒိယ သမုဒ္ဒရာထဲက ကျွန်းပတ်လည်မှာရှိတဲ့ ပင်လယ်သတ္တဝါ တွေ၊ ငါးတွေနဲ့ သန္တာကျောက်တန်းတွေကို ဘေးဖြစ်စေလိမ့်မယ်လို့ ဆိုပါတယ်။
ယိုဖိတ်လောင်စာတွေဟာ ပွိုင့်ဒက်စနီကမ်းရိုးတန်းတလျှောက် လေးမိုင်ခွဲနီးပါးဝေးတဲ့ မြို့ ထိ ပျံ့နေပုံ ရုပ်သံကို ဒရုမ်းယာဉ်နဲ့ ရိုက်ကူးရယူပြီး ရိုက်တာသတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။
နာငါ့ရှိခိသင်္ဘောကုမ္ပဏီပိုင် အမ်ဗီ ဝါခါ့ရှိအိုသင်္ဘောက မောရစ်ရှနိုင်ငံရဲ့ အရှေ့တောင် ကမ်းရိုးတန်းက သန္တာကျောက်တန်းကို ဇူလိုင် ၂၅ ရက်က တိုက်မိအပြီး သီတင်းပတ် ၂ ပတ်အကြာ သြဂုတ် ၆ ရက်မှာ မောရစ်ရှ အစိုးရက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင်အုပ်စု ဂရင်းပိစ်ကလည်း ခုယိုဖိတ်မှုဟာ မောရစ်ရှနိုင်ငံမှာ မြင်ဖူးသမျှ အဆိုးဆုံး ဂေဟစနစ် ကပ်ဘေးတွေထဲက တခုဖြစ်ပုံရတယ်လို့ ပြောပါတယ်။
“ပင်လယ်ရေ ညစ်ညမ်းမှုကြောင့် ထောင်ချီတဲ့ မျိုးစိတ်တွေ ဘေးသင့်မယ်၊ နိုင်ငံ စီးပွားရေး၊ စားနပ်ရိက္ခာ လုံခြုံရေးနဲ့ ကျန်းမာရေးတို့အတွက် ဆိုးရွားတဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေ ကြုံရလိမ့်မယ်” လို့ ဂရင်းပိစ်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
The post ဂျပန်သင်္ဘော လောင်စာဆီယိုဖိတ်မှုကြောင့် မောရစ်ရှနိုင်ငံက အရေးပေါ်အခြေအနေ ကြေညာ appeared first on DVB.