သြစတြေးလျနိုင်ငံ တက်စ်မေးနီးယား ကျွန်းရဲ့ အနောက်ဘက်ကမ်းရိုးတန်းမှာ ဝေလငါးတွေ သောင်တင်သေဆုံးနေတာ စက်တင်ဘာ ၂၃ ရက်အထိ ကောင်ရေ ၃၈၀ လောက်ရှိပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
စက်တင်ဘာ ၂၁ ရက်ကစပြီး ရာနဲ့ချီတဲ့ ဆူးတောင်ရှည် ဝေလငါးတွေ သောင်တင်နေခဲ့တာပါ။
စက်တင်ဘာ ၂၃ ရက်အထိ ကောင်ရေ ၅၀ လောက်ကို ကယ်ဆယ်ရေးသမားတွေ ကယ်တင် နိုင်ခဲ့ပြီး ကျန်ရှိ ခန့်မှန်းကောင်ရေ ၃၀ လောက်ကိုလည်း ကယ်ဆယ်ဖို့ ကြိုးပမ်းနေပါတယ်။
အသက်ရှင်နေတဲ့ ဝေလငါးတွေရှိသရွေ့ ကယ်ဆယ်ရေး ဆက်လုပ်မယ်လို့ တက်စ်မေးနီးယားအစိုးရ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
ကယ်ဆယ်ရေးသမား တဦးကလည်း ဝေလငါးတွေ အသက်ရှင်ပြီး ရေထဲမှာ ရှိနေရင် သူတို့ အတွက် မျှော်လင့်ချက်ရှိတယ်လို့ ပြောပါတယ်။ ရာနဲ့ချီ သေဆုံးနေတဲ့ ဝေလငါးတွေကို ဖယ်ရှားဖို့ အချိန်ကျပြီလို့လည်း သူ့က ဆိုပါတယ်။
အခုလို ဝေလငါးအုပ်သောင်တင်မှုဟာ တစ်ကမ္ဘာလုံးမှာ အကြီးမားဆုံးဖြစ်ပြီး ၁၉၉၆ ခုနှစ်က သြစတြေးလျအနောက်ပိုင်းမှာ ကောင်ရေ ၃၂၀ လောက် သောင်တင်ခဲ့တာထက် ပိုများတယ်လို့ ဘီဘီစီက ဆိုပါတယ်။
The post သြစတြေးလျတွင် ဝေလငါးအကောင် ၃၈၀ ခန့် သောင်တင် သေဆုံး appeared first on DVB.