Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မျိုးတုံးပြီဟု ယူဆထားသည့်ငှက် မြန်မာတွင် ပြန်တွေ့

$
0
0

မျိုးတုံးသွားပြီလို့ ယူဆထားတဲ့ စွေ့ (သို့) ဘာဘလာ အုပ်စုဝင်  ငှက်ကို မြန်မာနိုင်ငံမှာ သိပ္ပံပညာရှင်အဖွဲ့က ပြန်လည်တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အားလုံးသေဆုံးသွားပြီလို့ မှတ်ထင်ထားတဲ့ အိမ်စာကလေးနဲ့ အရွယ်တူ အညိုရောင် ငှက်တွေကို  မြန်မာနိုင်ငံမှာ ၁၉၄၁ ခုနှစ် ဇူလိုင်က နောက်ဆုံး တွေ့ရှိခဲ့တာဖြစ်ပြီး ပြန်လည်တွေ့ရှိခဲ့တာကို ၆ လတကြိမ်ထုတ် BirdingASIA မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာလို့ orientalbirdclub အင်တာနက် ၀က်ဆိုဒ်မှာရေးပါတယ်။

ဒါပေမယ့် ၂၀၁၄ ခုနှစ် မေ ၃၀ ရက်က ပဲခူးတိုင်းဒေသကြီး မြစ်ကျိုးက မြက်ခင်းပြင်မှာ ဒီငှက်တွေရဲ့ အသိုက် အမြောက်အမြားကို  သိပ္ပံပညာရှင်အဖွဲ့က ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်မှာတော့ သိပ္ပံပညာရှင်တွေက ဧရာဝတီမြစ်ကြောင်း တလျှောက်မှာရှိတဲ့ မြက်ရိုင်းပင်တွေကို  ပစ်မှတ်ထား ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

စွန်ပစ်ထားတဲ့ စိုက်ကွင်းအနီးက မြက်ခင်းပြင်မှာ ငှက်ရဲ့အသံကို ကြားခဲ့ရပြီး အသံကို သေချာ ဖမ်းယူခဲ့တဲ့နောက် ပြန်လည်တွေ့ရှိခဲ့တာကို အတည်ပြုနိုင်ခဲ့တယ်လို့ မြန်မာ သဘာဝနဲ့ သားရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေးစောင့်ရှောက်ရေးဌာန၊ သားရိုင်း တိရစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (WCS)နဲ့ စင်ကာပူအမျိုးသား တက္ကသိုလ်တို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။

ဒီနောက် ၄၈ နာရီအတွင်း ဒီမျိုးစိတ်တွေကို အနီးဝန်းကျင်မှာ အမြောက်အမြားအများ တွေ့ရှိခဲ့သလို သွေးနမူနာတွေကိုလည်း ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စင်ကာပူက သိပ္ပံပညာရှင်တွေကတော့ ငှက်တွေ ရှင်သန်ရပ်တည်နိုင်ရေးဟာ မြန်မာမှာ နည်းပါးလာတဲ့ မြက်ခင်းတွေကြောင့် ဖိအားတွေ ရှိနေတယ်လို့ သတိပေးထားပါတယ်။

သားရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေးစောင့်ရှောက်ရေးအဖွဲ့ (WCS) က ငှက်ပညာရှင် ဦးသက်ဇော်နိုင်ကတော့ တခြားနိုင်ငံနဲ့ယှဉ်ရင် မြန်မာနိုင်ငံ တချို့နေရာမှာ တောတွေ အကောင်းတိုင်း ကျန်နေသေးသလို သုတေသနလုပ်ဖို့ အများကြီးကျန်နေသေးတဲ့ အတွက် ဌက်မျိုးစိတ်သစ်တွေ ထပ်တွေ့လာနိုင်တယ်လို့ ပြောပါတယ်။

“သုတေသနလုပ်မယ့်သူတွေ မရောက်သေးတဲ့နေရာတွေလည်း အများကြီးကျန်သေးတယ်လေ၊ ဒါကြောင့် ကိုယ်တို့ မြန်မာနိုင်ငံမှာ ငှက်တင်မကဘူး တခြား အကောင်တွေ၊ အပင်တွေ အများကြီး မျိးစိတ်သစ်တွေတွေ့မယ်လို့ မှန်းတယ်၊ တွေ့လည်း တွေ့မှာပဲ” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိကောက်ခံထားတဲ့ စာရင်းအရ ငှက်မျိုးစိတ်သစ် ၁၁၁၄ မျိုးရှိတယ်လို့လည်း သူက ပြောပါတယ်။

မြန်မာဟာ တခြား အရှေ့တောင်အာရှနိုင်ငံတွေထက် ငှက်မျိုးစိတ် အရေအတွက် ပိုမိုများတယ်လို့ ဆိုပါတယ်။

The post မျိုးတုံးပြီဟု ယူဆထားသည့်ငှက် မြန်မာတွင် ပြန်တွေ့ appeared first on DVB.


Viewing all articles

Trending Articles