Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မြစ်ဆုံစီမံကိန်း လုံးဝရပ်တန့်ရန် ဒေသခံများ ပြည်ထောင်စုအစိုးရကို တိုက်တွန်း

$
0
0

မြစ်ဆုံရေကာတာစီမံကိန်းကို လုံးဝရပ်တန့်ပေးရေးကိစ္စကို လေးလေးနက်နက်ဆောင်ရွက်ပေးဖို့ မြစ်ဆုံဒေသခံ (၁၀၈၁) ဦး လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ စာရေးသားပေးပို့ တောင်းဆိုပါတယ်။

သူတို့စာမှာ ၂၀၀၉ -၂၀၁၀ ခုနှစ်တွင်း ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်းကြောင့် မဇွပ်ရွာ၊ တန်ဖရဲရွာ၊ လဖဲ့ရွာ(ပန်ဒန်) ဒေါင်ပန်ရွာ၊အောင်ဂျာယာန်ရွာနဲ့ ဒိန်ဇူဇွပ်ရွာတွေက အိမ်ထောင်စုပေါင်း ၄၃၇ စု၊ လူဦးရေပေါင်း ၂၅၇၅ ဦးဟာ အောင်မြင်သာနဲ့ မလိယာန် ရွှေ့ပြောင်းစခန်းသို့ မိမိတို့ဆန္ဒမပါဘဲ အတင်းအဓမ္မပြောင်းရွှေ့ခံရတာကြောင့် (မပြောပလောက် တဲ့ နစ်နာကြေးကိုသာရရှိခဲ့) စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ ပညာရေးပြဿ  နာတွေကို ခုထက်တိုင် ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဒီဆောင်ရွက်ချက်ကြောင့် အဓိကအသက်မွေးဝမ်းကြောင်းကြတဲ့ ဘိုးဘွားပိုင်လယ်ယာမြေတွေ ဆုံးရှုံးခဲ့ရတဲ့အပြင် ရွှေ့ပြောင်းစခန်းမှာလည်း အသက်မွေးဝမ်းကျောင်းအတွက် လုံးဝ ပြင်ဆင်ဆောင်ရွက်ပေးခြင်းမရှိဘူးလို့ဆိုပါတယ်။ ပြည်နယ်အစိုးရကပေးတဲ့ တအိမ်ထောင် လယ် ၂ ဧကမှာလည်း ဝေးလံပြီး ကျောက်ဆိုင်ကျောက်သားတွေကြောင့် လုပ်ကိုင်စားမရ ဖြစ်နေတယ်လို့ဆိုပါတယ်။

ရွှေ့ပြောင်းဒေသခံတချို့ဟာ ၀မ်းစာအတွက် မူလရွာမှာ ပြန်လည်လုပ်ကိုင် စားသောက်ကြတဲ့ အတွက် ရွှေ့ပြောင်းစခန်းမှာကျောင်းရှိတဲ့အတွက်  မိဘအလှမ်းကွာထားခဲ့ရလို့ ပိုမိုဝန်ပိကြသလို တချို့မိဘတွေ စရိတ်ထောင်းပြီး ကျောင်းမထားနိုင်တဲ့အထိ ရင်ဆိုင်နေကြရပြီလို့ဆိုပါတယ်။

ဒေသခံတွေရဲ့ ကျွဲနွားတွေအတွက် စားကျက်မြေ၊ တောင်ယာခြံတွေဟာ စီမံကိန်းနယ်မြေ ဧရိယာအတွင်းပါပြီး ဖြတ်သန်းခွင့်မပေးလို့ ဒဏ်ဆောင်ရတာ၊ ပြန်ရွေးရတာ၊ ဆုံးရှုံးသွားတာတွေ ကြံရတယ်လို့ဆိုပါတယ်။

ဒါကြောင့် မြစ်ဆုံစီမံကိန်းလုံးဝရပ်တန့်ပေးဖို့၊ မြစ်လက်တက်ပေါ်က ရေကာတာစီမံကိန်းတွေ အားလုံး ရပ်တန့်ဖို့၊ ရွာသားတွေကို မူလဘူတကျေးရွာတွေမှာပြန်နေခွင့်ပေးဖို့၊ ဥယျာဉ်ခြံမြေ တွေမှာ ပုဒ်မ ၁၄၄ ကန့်သတ်နယ်မြေထုတ်ပြထားတာကို အမြန်ဆုံးရုပ်သိမ်းပေးဖို့ ဒေသခံ ၁၀၈၁ ဦးက တောင်းဆိုထားပါတယ်။

မြစ်ဆုံစီမံကိန်းရပ်တန့်ရေး ဦးဆောင်သူတဦးဖြစ်တဲ့ ဒေါ်ဂျာခေါန် (မြစ်ဆုံ)က “အရင်အစိုးရက ယာယီရပ်တန့်ထားတဲ့ မြစ်ဆုံစီမံကိန်းကို အခု ပြည်သူလူထုတွေ အားကိုးအားထားရှိတဲ့ အစိုးရသစ်ကိုပေါ့လေ ဒီမြစ်ဆုံစီမံကိန်းကို လုံးဝရပ်တန့်ပေးဖို့။ နောက်တချက်ကတော့ ကျမတို့ ပြောင်းရွှေ့ခံ ဒေသခံတွေက မူလနေရာမှာ တရားဝင်ပြန်လည်နေထိုင်စားသောက်ခွင့်ရဖို့၊ နောက်တချက်က အဲဒီမြစ်ဆုံစီမံကိန်းဆိုတဲ့ နေရာမှာ ပုဒ်မ ၁၄၄ ကန့်သတ်နယ်မြေဆိုပြီး ထုတ်ပြန်ထားတဲ့နေရာမှာ ပုဒ်မကို အမြန်ဆုံးရုပ်သိမ်းပေးဖို့၊ ရုပ်သိမ်းပေးရန် ဆောင်ရွက်ပေးဖို့ အဲဒါကို အခု အစိုးရကို တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်”လို့ ပြောပါတယ်။

မြစ်ဆုံစီမံကိန်းဟာ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလက်ထက်၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်လက်ထက်မှာ တရုတ် China Power Investment Cooperation (CPI) ကုမ္ပဏီကို ဆောင်ရွက်ခွင့်ပေးခဲ့တဲ့ ဒေါ်လာဘီလျံချီတဲ့ အကြီးစားစီမံကိန်းဖြစ်ပါတယ်။

စီမံကိန်းဟာ ဧရာဝတီမြစ်ရဲ့ ရေရှည်တည်တံ့မှု၊ ရေဝေရေလဲ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်စေမှု စတဲ့ အကြောင်းအချက်တွေကို ဖော်ထုတ်ပြီး နိုင်ငံတ၀န်း ကန့်ကွက်ထုတ်ဖော်ခဲ့ကြပြီးနောက် ၂၀၁၀ ရွေးကောက်ပွဲမှာ တက်လာတဲ့ သမ္မတဦးသိန်းစိန်က စီမံကိန်းကို ယာယီရပ်ဆိုင်း ခဲ့ပါတယ်။ ဒီစီမံကိန်းကို ဦးသိန်းစိန်အစိုရက တိုင်းပြည်ကို တောက်လျောက် ချမပြခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်က မနှစ်ရွေးကောက်ပွဲမတိုင်ခင် မြစ်ကြီးနားမြို့ဟောပြောပွဲမှာ ‘အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ အနိုင်ရလို့ အစိုးရဖွဲ့နိုင်ရင် မြစ်ဆုံစီမံကိန်းကိစ္စ အစိုးရနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ဘယ်လို သဘောတူထားလဲဆိုတာ ဖော်ထုတ်ချပြသွားမယ်’ လို့ ပြောကြားခဲ့ဖူးပါတယ်။

သမ္မတဦးသိန်းစိန်ထံကနေ အစိုးရအဖွဲ့တာဝန်ကို လွှဲပြောင်းယူခဲ့တဲ့ လက်ရှိသမ္မတ ဦးထင်ကျော် လက်ထက်မှာ ဒီစီမံကိန်းနဲ့ပတ်သက်လို့ တစုံတရာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

လက်ရှိအခြေအနေမှာ စီမံကိန်းကို ယာယီရပ်ဆိုင်းထားပေမယ့် တရုတ်စီပီအိုင်ကုမ္ပဏီ ၀န်ထမ်းတွေ ရှိနေဆဲဖြစ်သလို မြစ်ကြီးနားမှာလည်း ကုမ္ပဏီ ရုံးဖွင့်လှစ်ထားဆဲဖြစ်ပါတယ်။

လက်ရှိ စီမံကိန်းဧရိယာအခြေအနေနဲ့ပတ်သက်လို့ ဒေါ်ဂျာခေါန်(မြစ်ဆုံ)က “နောက်ဆုံး အခြေအနေဆိုတာ စီပီအိုင်တွေက ကျမတို့ မြစ်ဆုံစီမံကိန်းဆိုပြီးတော့ သတ်မှတ်ထားတဲ့ နေရာမှာ အမြဲတမ်းစောင့်ကြည့်နေတာပေါ့။ သူတို့ အမြဲတမ်း ၀င်ဝင်ထွက်ထွက်ရှိတဲ့အတွက် ကျမတို့ပြည်သူ ရွာသားတွေက ကန့်သတ်ဆိုတဲ့နေရာမှာ ၀င်ထွက်ခွင့်မရှိဘူးပေါ့။ နောက်တချက် က သူတို့က စီမံကိန်းရပ်တန့်ထားရင်လည်း ကျမတို့ စီမံကိန်းကြောင့် ပြောင်းရွှေ့တဲ့ဒေသခံတွေ ကို နာမည်စာရင်းပါတဲ့လူပေါ့နော် သူတို့က ဆန်ထောက်ပံ့ပေးမှုတွေ ရှိတာပေါ့။ ရွာမှာ ၀င်ဝင် ထွက်ထွက်တွေရှိတယ်။ ရွာသားတွေကို အင်တာဗျူးလုပ်တယ်၊ ရွာလူကြီးတွေကို အင်တာဗျူး လုပ်တယ်ပေါ့၊ အဲဒါဆိုရင် သူတို့က အဲဒီမှာ အမြဲတမ်း စောင့်နေတယ်” လို့ပြောပါတယ်။

စီမံကိန်းကို ပြန်လည်စတင်ဖို့ တရုတ်နိုင်ငံဘက်က နိုင်ငံပိုင်အာဘော်သတင်းစာမှာ အကြိမ်ကြိမ် ဖော်ထုတ်ရေးသားလေ့ရှိပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီကလည်း ဦးထင်ကျော်အစိုးရ မဖွဲ့စည်းခင် သုံးပတ်ခန့်မှာ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ပတ်သက်လို့ စီမံကိန်းကို ဆိုင်းငံ့ထားရ တာကြောင့် နစ်နာရပြီး ဖြေရှင်းရမှာဖြစ်ကြောင်းနဲ့ အစိုးရသစ်နဲ့ လက်တွဲ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်း ထပ်လောင်းပြောဆိုခဲ့သလို အစိုးရဖွဲ့အပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာလည်း မြစ်ဆုံရေကာတာ ကိစ္စကို ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မြစ်ဆုံဆည် စီမံကိန်းနဲ့ပတ်သက်လို့ တစုံတရာ ပြောကြားခြင်း မရှိသေးပါဘူး။

တိုက်တွန်းစာကို ပြည်ထောင်စုအစိုးရ လျှပ်စစ်ဝန်ကြီးဌာန၊ စီပီအိုင်ကုမ္ပဏီ၊ ကချင်ပြည်နယ် ၀န်ကြီးချုပ်၊ ကချင်ပြည်နယ်လွှတ်တော်ရုံးတွေကို မိတ္တူပေးပို့ပါတယ်။

The post မြစ်ဆုံစီမံကိန်း လုံးဝရပ်တန့်ရန် ဒေသခံများ ပြည်ထောင်စုအစိုးရကို တိုက်တွန်း appeared first on DVB.


Viewing all articles

Trending Articles